နေပြည်တော် ဇန်နဝါရီ ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် တတိယအကြိမ် ဂျပန်ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေးအသိ ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကလောမြို့ရှိ Kalaw Hilltop Villa Hotel တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အွန်လိုင်းမှတစ်ဆင့်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ယခု အာဆီယံ-ဂျပန် ဗဟိုဌာနနှင့် ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲမှတစ်ဆင့် ဆွေးနွေးပွဲကိုယ်စားလှယ်များ သည် ဂျပန်ခရီးသွားဧည့်သည်များ၏ ရိုးရာဓလေ့နှင့် လူနေမှုဘဝပုံစံများ၊ အပြုအမူသဘောသဘာဝများကို သိရှိနားလည်လာပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အာဆီယံ-ဂျပန် ဗဟိုဌာန၏ ၂၀၂၃ ခုနှစ်အတွက် National Acticvity နှင့် အခြားအစီအစဉ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံ-ဂျပန် ဗဟိုဌာနမှ အကြီးတန်းအမှုဆောင်အရာရှိ Dr. Yuka KUBOTA က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံနှင့် အာဆီယံ -ဂျပန် ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ဂျပန်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆက်လက်ဆွေးနွေး ပို့ချကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ရှိ အင်းယားကန်ဟိုတယ်၌ ကျင်းပသော မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက ယခုအခါ တရုတ်ခရီး သွားဈေးကွက်သည် မြန်မာနိုင်ငံအတွက် အလားအလာရှိပြီး အားထားရသည့်ဈေးကွက်တစ်ခုဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နေပြည်တော်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေးဗဟိုဌာန၏ အတွင်း ရေးမှူးချုပ် မစ္စတာကျောက်ကျားအောက်ဝ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် ချုံချင့်မြို့၌ တရုတ် - မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၊ တရုတ်-မြန်မာယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖက်မြို့တော် ရက်သတ္တပတ် အစီအစဉ် ကျင်းပပြုလုပ်မည့်အခြေအနေများ၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ပါဝင်ခင်းကျင်း ပြသသွားနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ခရီးသွားအသင်းအဖွဲ့များအား ဖိတ်ကြားထားပါကြောင်း၊ ထို့ပြင် တရုတ်-မြန်မာ မြှင့်တင်ရေးစင်တာတွင်လည်း မြန်မာနိုင်ငံ၏ခရီးသွား လုပ်ငန်းများနှင့် ဆွဲဆောင်မှုများကို ပါဝင်ပြသရန် ကမ်းလှမ်းထားပါကြောင်း၊ အဆိုပါ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် ချုံချင့်မြို့နှင့်သာမက တရုတ်တစ်နိုင်ငံလုံးသို့လည်း မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင်ကြော်ငြာနိုင်မည့် အခွင့်အလမ်းများရရှိမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေနှင့် ပြပွဲတွင်ပါဝင်ပြသနိုင်ရေးအပြင် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းမြှင့်တင် နိုင်ရေးအတွက် အခြားဆွေးနွေးလိုသည့် ကိစ္စရပ်များရှိပါကအားလုံးဝိုင်းဝန်းဆွေးနွေး၍ အကြံပြုပေးစေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန်တို့က ဆွေးနွေးတင်ပြကြပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် ပါဝင်ပြသနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment