Sunday, January 1, 2023

နှစ်သစ်တွင် နိုင်ငံတိုးတက်ရေးပါဝင်ကြိုးပမ်း

 


ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ် နှစ်သစ်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှမကောင်း သောအမှုများကို ချေဖျက်ပြီး နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် ကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် အေးချမ်းသာယာဝပြောသော လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်ရန် နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်အောင် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒီမိုကရေစီစနစ်တည့်မတ်ခိုင်မာစွာ ဖြစ်ပေါ်လာရေးနှင့် ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်ပေါ်လာစေရန်အတွက် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးရည်မှန်းချက်(၂)ရပ် ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်နှင့် ရည်မှန်းချက်များသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ဖော်ဆောင်နေခြင်းဖြစ်၍ ရည်မှန်းချက်များအောင်မြင်အောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်းဖြင့် တိုင်းပြည်သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ကျွဲကူးရေပါ လိုက်ပါဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်မိမိတို့ ဘဝများတိုးတက်ကောင်းမွန်လာအောင်အစဉ်ကြိုးပမ်းနေကြသူချည်းဖြစ်သည်။ ဘဝများကိုယ်စီတိုးတက်ကောင်းမွန်ရန်အတွက် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုများ ကောင်းမွန်နေရန် လိုအပ်သည်။

ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရင်း မိမိတို့ဘဝများ တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ လူ့အသိုက်အဝန်းတစ်ခုတွင် အတ္တနှင့်ပရ မျှတစွာကျင့်သုံးနိုင်မှ တိုးတက်ကောင်းမွန်ပြီး သာယာဝပြောသည့် အသိုက်အမြုံတစ်ခု ဖြစ်ပေါ်လာနိုင်သည်ဖြစ်၍ အတ္တနှင့်ပရ မျှတစွာကျင့်သုံးနိုင်ရေးလိုအပ်သည်။ လူ့သဘောသဘာဝမှာအတ္တကို ဦးစားပေးတတ်သည်ဖြစ်၍ မိမိတို့လိုအင်ဆန္ဒများကိုသာ မျှော်မှန်းနေ၍မဖြစ်ပေ။ မိမိနှင့်မိမိမိသားစု ကောင်းကျိုးတစ်ခုတည်းကိုသာ ရှေးရှုခြင်းမပြုဘဲ မိမိပတ်ဝန်းကျင်၊ မိမိရပ်ရွာ၊ မိမိနိုင်ငံတော်၏ ကောင်းကျိုးများတွင်လည်း တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှ ပါဝင်ထမ်းရွက်ကြရန် လိုအပ်ပေသည်။   

ကုန်လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်းကို ပြန်ကြည့်မည်ဆိုလျှင်နိုင်ငံတော်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နောက်ဆက်တွဲ လူမှုစီးပွားဘဝများထိခိုက်မှုများရှိခဲ့ခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးမှအစ အဘက်ဘက်၌ ချို့ယွင်းအားနည်းချက်များဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲကာလတွင် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ၏ မရိုးမသားဆောင်ရွက်ခဲ့မှုများကြောင့် ဒီမိုကရေစီစနစ် ပြန်လည်တည့်မတ်ခိုင်မာလာအောင် လုပ်ဆောင်ပေးလျက်ရှိသည်။ ယင်းကို အကြောင်းပြု၍ တိုင်းပြည်ပြိုကွဲပျက်စီးစေရန် လုပ်ကြံဖန်တီးမှုများ ဖြစ်ပေါ်လာသည်။ ထိုအခါ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်မှုဖြစ်လာပြီးနိုင်ငံတော်နှင့် ပြည်သူများနစ်နာဆုံးရှုံးမှုများ ရှိလာခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကို ရှေးရှု၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အားသွန်ခွန်စိုက်ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင် ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်နှင့် ရည်မှန်းချက်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကဏ္ဍအလိုက် တိုးတက်မှုများရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်၏အရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပြည်သူများအားမှာ အဓိကကျသဖြင့် နိုင်ငံတော် ငြိမ်းချမ်းသာယာရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအား လိုအပ်လျက်ရှိသည်။

သို့ဖြစ်ရာ ၂၀၂၃ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသည့်ကာလမှစ၍ တိုင်းရင်းသား ပြည်သူလူထုများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းလက်တွဲကာ နိုင်ငံတော် ငြိမ်းချမ်းသာယာဝပြောရေး၊ ဒီမိုကရေစီစနစ် တည့်မတ်ခိုင်မာစွာ ဖြစ်ပေါ်လာရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လက်တွဲပါဝင်ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝများ ကိုယ်စီကိုယ်စီ မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment