Thursday, December 15, 2022

ဝေါမြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ အဗျားတံတားအား ဖွင့်လှစ်

 

ဝေါ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရန်ကုန်-မော်လမြိုင်လမ်း မိုင်တိုင်(၇၅/၀ မှ ၇၅/၁)ကြားတွင် ဆောက်လုပ်ထားသော အဗျားတံတားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။






 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ဖွင့်လှစ်ပေးလိုက်သည့် အဗျားတံတားသည် ယခင်က စစ်တောင်းတူးမြောင်းလက်တက် ဆည်းမြောင်း  ရေလွှဲပေါက်ပေါ်

မှာ တည်ဆောက်ထားသည့် တံတားဖြစ်ပြီး အဝေးပြေး ခရီးသည်တင်ယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများ နေ့/ ညမပြတ်ဖြတ်သန်း သွားလာမှုကြောင့် ပျက်စီးလာသဖြင့် ယာဉ်အန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့  အပြန်လမ်းတံတား

အဖြစ် အသုံးပြုနိုင်စေရန် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ တံတားများ တည်ဆောက်ပေးခြင်းကြောင့် ရန်ကုန်မြို့မှတဆင့် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းမြို့များသို့ တစ်ဆက်တည်း အချိန်တိုအတွင်း သွားလာနိုင်မှာဖြစ်ပြီး ဒေသထွက်ကုန်များလည်း ထိုင်းနိုင်ငံနယ်စပ်ဂိတ်များသို့ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဘက်စုံကဏ္ဍစုံဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးသည် အခြေခံကျသည့်အချက်ဖြစ်ကြောင်း၊ ခေတ်စနစ်နှင့်အညီ ကုန်တင်ယာဉ်ကြီးများ သတ်မှတ်တန်ချိန်အတိုင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်  ချောမွေ့စွာဖြင့် တင်ဆောင်ဖြတ်သန်းနိုင်ရန်အတွက် နိုင်ငံတော်မှ အကုန်အကျခံတည်ဆောက်ပေးထားသည့် အဗျားတံတားကြီးကို ရေရှည်တည်တံ  ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးပေးရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ တံတားတည်ဆောက် ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူတို့က အဗျားတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။ ယင်းနောက် ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား ဝန်ကြီးချုပ်မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပတ်ဖြန်းကာ တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

 

အဆိုပါ အဗျားတံတားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်(၇၅/၀- ၇၅/၁)ကြားတွင်တည်ရှိပြီး အရှည်(၂၄၀)ပေ၊ အကျယ်(၃၁)ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၃)ပေရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ ဆက်)

No comments:

Post a Comment