နေပြည်တော် ဒီဇင်ဘာ ၁၀
(၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခါသမယ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက လူသားအားလုံး အတွက် လူ့အခွင့်အရေးစံများပါဝင်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးမကြာမီ ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီး၌ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိကြပါကြောင်း။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၌ “လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူ ရှိကြသည်” ဟု ဖော်ပြပါရှိသကဲ့သို့ လူသားအားလုံးအနေဖြင့် မိမိတို့၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို အသိမှတ်ပြုပြီး လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားမှုမပြုဘဲ တန်းတူညီမျှရှိစေခြင်းတို့သည်လည်း လူ့အခွင့်အရေး ၏ အရေးပါသည့်အနှစ်သာရများပင် ဖြစ်ပါကြောင်း။
ထို့ပြင် လူ့အခွင့်အရေးကို လက်ခံရယူကျင့်သုံးကြရာတွင်လည်း လူ့အဖွဲ့အစည်းအတွက် တရားမျှတသည့် လိုအပ်ချက်များဖြစ်သော ကိုယ်ကျင့်တရားများ၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များ အတိုင်းသာ ကျင့်သုံးရမည်ဟုလည်း ယင်းကြေညာစာတမ်း၌ အထင်အရှားဖော်ပြပါရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို ကျင့်သုံးကြရာတွင် မိမိတို့၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့ သူတစ်ပါး၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လစ်လျူမရှုကြရန်၊ မပျက်ကွက်ကြရန်လိုကြောင်း။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင်ပါရှိသည့် လူ့အခွင့်အရေးစံများကို လေးစားသည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုသည် ၎င်းတို့၏ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် အဆိုပါစံများကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်း ထားသည်ကို တွေ့ရပါကြောင်း၊ အလားတူ မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အခန်းတစ်ခန်းအဖြစ် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး များကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ” ကို ပြဋ္ဌာန်းထားပြီး ဥပဒေနှင့်အညီ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသိပညာပေးမှုကို မြှင့်တင်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ကျင့်သုံးလိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဓိကသဘောတူစာချုပ်များ ဖြစ်ကြသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါစာချုပ်များနှင့်ဆက်စပ်နေသည့် နောက်ဆက်တွဲ သဘောတူစာချုပ် တစ်ချို့ကိုလည်း ပါဝင်ချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း။
နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကိုခံစားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေး အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးတွင် လည်းအဓိကကျပါကြောင်း၊ ထို့ကြောင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ဖိတ်ခေါ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်နေသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံ၏ တိုင်းရင်းသားများသည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမျိုး၏ ပင်ကိုယ်စရိုက်လက္ခဏာများအရလည်း လူသားအချင်းချင်း လေးစားမှုနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားမှုရှိသည့် နိုင်ငံနှင့် လူမျိုးများလည်းဖြစ်ပါကြောင်း၊ လူသားများ၏ကောင်းကျိုးအတွက် လူတို့လိုက်နာအပ်သည့် အကြောင်းတရား၊ အမူအကျင့်၊ အပြောအဆို၊ အနေအထိုင်စသည့် လမ်းညွှန်ဆုံးမ စကားများ၊ တစ်နည်းအားဖြင့် နီတိတို့သည်လည်းကောင်း၊ လူမှုရေးရာနှင့် ပတ်သက်သည့် သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ နာယကဂုဏ်အစရှိသည့် ပေါင်းသင်းဆက်ဆံမှု နယ်ပယ်အလိုက် လိုက်နာစောင့်ထိန်းအပ် သည့် ဝတ္တရားများ၊ တစ်နည်းအားဖြင့် ကျင့်ဝတ်တို့သည်လည်းကောင်း၊ လူသားများ၏ကောင်းကျိုးပွားရာ ဆောင်ကြဉ်းအပ်သည့်၊ လိုက်နာအပ်သည့် မင်္ဂလာတရားများဖြစ်သော ၃၈ ဖြာ မင်္ဂလာ၊ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ၊ နေထိုင်ရေးမင်္ဂလာ၊ သင်ကြားရေးမင်္ဂလာ၊ ပြုစုလုပ်ကျွေးရေး မင်္ဂလာ၊ ကူညီဆောင်ရွက်ရေးမင်္ဂလာ၊ ရှောင်ကြဉ်လိုက်နာရေး မင်္ဂလာ၊ စိတ်ထားဖြူစင် မြင့်မားရေးမင်္ဂလာ၊ သည်းခံခြင်းမင်္ဂလာ၊ ခြိုးခြံခြင်းမင်္ဂလာ၊ စိတ်ထားခိုင်မာရေးမင်္ဂလာ စသည့်မြတ်မင်္ဂလာတို့သည်လည်းကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် လက်ခံကျင့်သုံးကြသည့် ဓလေ့ထုံးတမ်းဥပဒေအဖြစ် လူအများစုက လက်ခံလိုက်နာ လုပ်ဆောင်နေကြသော ကောင်းကျိုးတရားများဆိုသည်ကို တွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုထုတ်ပြန်ခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ်မှာ (၇၅) နှစ် ပြည့်မြောက်မည်ဖြစ်သည့်အတွက် ယနေ့(၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှစပြီး လာမည့်နှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့အထိ တစ်နှစ်တာကာလပတ်လုံးကို လူသားအားလုံး အတွက် အရေးပါသည့် အမွေအနှစ်ဖြစ်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အလေးပေးထင်ဟပ် ဖော်ညွှန်းဂုဏ်ပြုသည့် လှုပ်ရှားဆောင်ရွက်ချက်များဖြင့် လေးစားလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ပြည်သူအားလုံးက ပိုမိုသိရှိနားလည် သဘောပေါက်ပြီး လူ့အခွင့်အရေးနှင့် ဆက်နွှယ်ပတ်သက်သည့် အပြုသဘောဆောင်သော သဘောထားအမြင်များ၊ ခံယူလိုက်နာ ကျင့်သုံးမှုများ ပိုမိုဖြစ်ထွန်းလာရေးအတွက် အသိပညာပေး လှုပ်ရှားမှုများနှင့်အတူ လူ့အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်းက ကုသလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Message ကို ဖတ်ကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် Myanmar National Human Rights Commission (MNHRC) Application ကိုမိတ်ဆက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အားလုံးအတွက် လူ့အခွင့်အရေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment