Friday, December 9, 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်္ဂါလီဒုက္ခသည်စခန်းမှ ထွက်ခွာလာသူများအား ကယ်ဆယ်ရေးဆောင်ရွက်ပေး

 



 

နေပြည်တော် ဒီဇင်ဘာ ၉

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ အထောက်အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ်တို့သည် ဇောတိကစီမံကိန်း ကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံရေပြင်အတွင်း ဖြတ်သန်းလာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာသို့အရောက်၌ ဘင်္ဂါလီလူမျိုးများ တင်ဆောင်လာသည့် လှေ ၁ စီးသည် ရေဝင်၍ နစ်မြုပ်လုနီးပါးဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ထားကြောင်း တပ်မတော်(ရေ)မှ လုံခြုံရေးစစ်ရေယာဉ်များသို့ သတင်းပေးပို့လာခဲ့သည်။

သတင်းရလျှင်ရချင်း တပ်မတော်(ရေ)မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကော်ဗက်အမျိုးအစားစစ်ရယာဉ်အား စေလွှတ်ခေါ်ဆောင်စေခဲ့ရာ ည ၁၀ နာရီခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာ၌ HAI DUONG 38 ရေယာဉ်နှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီလူမျိုး လူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတို့အား စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပြီး အစားအသောက်များ ထောက်ပံ့ကျွေးမွေး ခေါ်ဆောင်လာခဲ့သည်။

အထက်ပါ ဘင်္ဂါလီလူမျိုးများအား မြိတ်မြို့အနောက်မြောက်ဘက် ၈.၅ မိုင်ခန့်အကွာတွင် ကျောက်ချရပ်နား၍ မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနပါဝင်သော အဖွဲ့စုံဖြင့် ရေယာဉ်ပေါ်၌စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါဘင်္ဂါလီလူမျိုးများသည် ဘင်္ဂါလီစကားတစ်မျိုးတည်းသာ ပြောဆိုတတ်ပြီး ကနဦးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒေါ့ကာစီဒုက္ခသည်စခန်းများမှဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းအတွင်း လူဦးရေများပြားခြင်း၊ လုံခြုံမှုမရှိခြင်းနှင့်စားနပ်ရိက္ခာမလုံလောက်ခြင်းတို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်ရန်အတွက် လိုက်ပါလိုသူမိသားစုများထံမှတာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ ၁ စီး ဝယ်ယူခဲ့ကြောင်း၊ နိုဝင်ဘာ ၂၇  ရက်တွင် အဆိုပါစက်လှေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR)မှ ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်များ ကိုင်ဆောင်ထားရှိကြောင်း၊ ဒီဇင်ဘာ ၇  ရက်တွင် လှေအတွင်းသို့ ရေများဝင်ရောက်၍ နစ်မြုပ်နေစဉ် HAI DUONG 38 ရေယာဉ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းနှင့် လှေပေါ်ပါသူအားလုံး အသက်ရှင်လျက်ရှိကြောင်း သိရှိရသည်။

ယင်း ဘင်္ဂါလီလူမျိုးများအား မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနပါဝင်သော အဖွဲ့စုံဖြင့် စစ်ဆေးမေးမြန်းမှုများဆောင်ရွက်ပြီးပါက စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



No comments:

Post a Comment