မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည်မှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယသို့ ရောက်ရှိလာပြီဖြစ်သည်။ ဘိုးဘွားဘီဘင်များက လွတ်လပ်ရေးကို အသက်၊ သွေး၊ ချွေး၊ ဘဝများပေးဆပ်ကြကာ ခက်ခက်ခဲခဲ ရယူပေးခဲ့သည့်လွတ်လပ်ရေးကို မျက်မှောက်ကာလ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့က ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် တာဝန်ရှိပေသည်။
နိုင်ငံသူ နိုင်ငံသားအပေါင်းတို့သည် ဤမြေတွင်နေ၊ ဤရေကိုသောက်၊ ဤမြေတွင်ကြီးပြင်း၊ ဤမြေတွင် တိုးတက်ဖြစ်ထွန်းလာကြသည်ဖြစ်၍ ဤနိုင်ငံ၏ ကျေးဇူးကို သစ္စာစောင့်သိကြရမည်ဖြစ်သည်။ ဤနိုင်ငံကြီး အဓွန့်ရှည်သာယာဝပြောစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းသည် ဤနိုင်ငံကို ကျေးဇူးသိရာ ရောက်သလို ကာကွယ်စောင့်ရှောက်ခြင်းလည်းမြောက်ပေသည်။ လွတ်လပ်သော နိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသားအပေါင်းတို့သည် လွတ်လပ်ခြင်း၏အသီးအပွင့်များကို ရရှိခံစားနေကြသည်ဖြစ်သလို လွတ်လပ်ရေး အသီးအပွင့်များ မပျက်စီးအောင်လည်း ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်သည်။
ရှေးယခင်က နိုင်ငံတစ်နိုင်ငံကို ကိုလိုနီနယ်ချဲ့တို့က စစ်ရေးအရ ဝင်ရောက်ကျူးကျော်သိမ်းပိုက်ခြင်းဖြင့် ထိုနိုင်ငံကျဆုံးကာ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးပါ ဆုံးရှုံးခဲ့ရသည်။ စစ်အေးကာလတွင်လည်း ကိုလိုနီနယ်ချဲ့လက်သစ်များသည် နိုင်ငံတစ်နိုင်ငံအပေါ်စစ်ရေးဖြင့် ဝင်ရောက်ကျူးကျော်စွက်ဖက်မှုများရှိခဲ့သည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေများ ပြောင်းလဲလာမှုကြောင့် လက်နက်အားကိုးဖြင့် ဝင်ရောက်ကျူးကျော်သိမ်းပိုက်သည့်ပုံစံမရှိတော့ဘဲ နယ်ချဲ့လက်သစ်တို့သည် သွယ်ဝိုက်သောနည်းလမ်း အမျိုးမျိုးဖြင့် နိုင်ငံတစ်နိုင်ငံ ပြိုလဲပျက်စီးသွားအောင် လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။
အသိုက်အမြုံတစ်ခု ပျက်စီးစေရန် စုစည်းထားသောအားမာန်များအား ဖြိုလှဲပစ်သည့်နည်းလမ်းကို နယ်ချဲ့ လက်သစ်က ကျင့်သုံးကြသည်။ နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးညီညွတ်မှု ပျက်စီးစေရန်အတွက် နိုင်ငံအတွင်းရှိ နိုင်ငံသားအချင်းချင်း၊ အုပ်စုအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း စိတ်ဝမ်းကွဲပြားစေရန်အတွက် သဘောတရားရေးအားဖြင့်လည်းကောင်း၊ ငွေအားဖြင့်လည်းကောင်း၊ နည်းပညာအားဖြင့်လည်းကောင်း စိမ့်ဝင်ထိုးနှက်လွှမ်းမိုးနိုင်ရန် ကြိုးပမ်းကြသည်။ နိုင်ငံ၏အားနည်း ချက်ကိုအသုံးချ၍ ပြည်သူများ အသိတရားတွင် မှားယွင်းသောအယူအဆများ စွဲကပ်လာအောင် အမျိုးသားသစ္စာဖောက်များနှင့်ပူးပေါင်းကာ ဆောင်ရွက်ကြသည်။ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် အချိန်များစွာယူကာ မြှုပ်နှံလုပ်ကိုင်ကြသည်။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်၍ နည်းပညာကိုအသုံးချပြီး လွှမ်းမိုးခြယ်လှယ်နိုင်ရန် ကြိုးပမ်းနေကြသည်။ ပြည်သူအများအသုံးပြုသည့် Social Media များကိုအသုံးချ၍ အယူအဆလွဲမှားအောင်၊ စိတ်ဝမ်းကွဲပြားမှုများဖြစ်လာအောင် ဖန်တီးကြသည်။ Main Stream Media များကိုအသုံးချ၍ ပြည်သူနှင့် ပြည်သူ၊ ပြည်သူနှင့် တပ်မတော်၊ တပ်မတော်နှင့် တပ်မတော်သားများအပေါ် အထင်အမြင် လွဲမှားအောင် သတင်းမှားများ၊ ပုံကြီးချဲ့သတင်းထုတ်လွှင့်ပေးပြီး ပြည်သူများ စိတ်ဝမ်းကွဲပြားလာအောင်၊ နိုင်ငံတကာပုံရိပ်တွင် ကျဆင်းလာအောင် လုပ်ကြံဖန်တီးကြသည်။ ယင်းသို့ သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်၊ ပြည်သူများ စိုးရိမ်ထိတ်လန့်အောင် ဖန်တီးနေကြသည့် ပြည်တွင်း၊ ပြည်ပအဖျက်အန္တရာယ်များကို နိုင်ငံသားအားလုံးက ကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ကြကာ သတိပြုဖို့လိုအပ်ပေသည်။
ယင်းသို့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးမျက်နှာစာများပေါ်တွင် စိမ့်ဝင်ထိုးဖောက်ပြီး နှောင့်ယှက်ဖျက်ဆီးနေမှုများကို ဝိုင်းဝန်းဆင်ခြင် တားဆီးကာကွယ်ကြခြင်းသည် မိမိတို့၏ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည်။ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ခြင်းလည်းမည်ပေသည်။ ယနေ့ကာလသည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲပြီး ပြည်သူများလိုလားသည့် ဆန္ဒများကို ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။
နိုင်ငံတော်၏လုပ်ငန်းစဉ်များကို နှောင့်ယှက်ဖျက်ဆီးနေမှုများသည် နိုင်ငံတော်ကို ပျက်စီးအောင်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။ နိုင်ငံတော်ကို ထိပါးလာမည့် အန္တရာယ်အမျိုးမျိုးတို့ကို တပ်မတော်က တွန်းလှန်ကာကွယ်တားဆီးတိုက်ဖျက်နေသလို တိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
No comments:
Post a Comment