နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအရင်းအမြစ် (Humen Resources)က အရေးအပါဆုံး ဖြစ်သည်ကို ပညာရှင်အားလုံးက လက်ခံထားကြပြီးဖြစ်သည်။ အနာဂတ်ကာလ နိုင်ငံ တည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရန် ပစ္စုပ္ပန်ကာလတွင် ပညာရေး၌ ရင်းနှီးမြှုပ်နှံမှုကို အဓိကထား၍ ပြုလုပ်ကာ လူသားအရင်းအမြစ်ကို ပြုစုပျိုးထောင်ကြရသည်။
မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းချက်ဖြစ်ပေါ်လျက်ရှိရာ
ပညာရေးမြှင့်တင်မှုကို အလေးထား၍ ပြုလုပ်ပေးလျက် ရှိသည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ
အောင်မြင်သူများအပေါ်အခြေခံပြီး မြန်မာနိုင်ငံ၏ပညာရေးအခြေအနေကို ဆန်းစစ်ကြည့်ရာတွင်
၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် သူငယ်တန်းစတင်တက်ရောက်သူ ၁၁၈၇၃၉၂ ဦး ရှိခဲ့ရာ အလယ်တန်းအဆင့်ပဉ္စမတန်းသို့
တက်ရောက်လာနိုင်သူ ၈၀၈၈၇၈ ဦးသာရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၆၈ ဒသမ ၁၂ ရာခိုင်နှုန်းသာ
အလယ်တန်းသို့ ရောက်ရှိလာခဲ့သည်။ တစ်ဖန်အထက်တန်းအဆင့် နဝမတန်းသို့ ဆက်လက်တက်ရောက်နိုင်
သူမှာလည်း ၅၈၅၁၈၂ ဦးသာ ရှိတော့ရာ သူငယ်တန်းမှသည် နဝမတန်းအထိ ကျောင်းသားဦးရေ ထက်ဝက်ကျော်မှာ
ပညာရေးလမ်းခုလတ်တွင် ကျန်ရစ်ခဲ့သည်။ ဆက်လက်၍ နဝမ တန်းမှ တက္ကသိုလ်ဝင်တန်း တက်ရောက်နိုင်သူမှာလည်း
၂၃၂၁၄၈ ဦးသာရှိခဲ့ရာ သူငယ်တန်းမှ ဝင်ရောက်လာသည့် ကျောင်းသားဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး
၈၀ ရာခိုင်နှုန်းကျော်မှာ ကျန်ရစ်ခဲ့ခြင်းဖြစ်ရာ ပညာရေးအဟောသိကံ ဖြစ်မှုများပြားလှသည်ဟု
ဆိုရမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် လူအများစုမှာ အခြေခံပညာအလယ်တန်း အဆင့်နှင့် အောက်တွင်သာရှိနေခြင်းက နိုင်ငံ၏အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းတွင် များစွာအားစိုက်လုပ်ဆောင်ရန် လိုအပ်နေကြောင်းကို ပြဆိုနေခြင်းပင်ဖြစ်သည်။ ထို့အပြင် မျက်မှောက်ကာလ သတင်းအချက်အလက်နှင့် နည်းပညာများ တစ်ဟုန်ထိုး တိုးတက်မြင့်မားလာပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးအတွက် အရည်အသွေးမြင့်မားသည့် ပညာရေးမှတစ်ဆင့် လူသားအရင်းအမြစ်ပျိုးထောင်မှုကို ပြုလုပ်နေကြရာ မိမိတို့အနေဖြင့်လည်း နောက်ကျမကျန်ရစ်စေရေး အားထုတ်ကြိုးပမ်းကြရန် လိုအပ်ချက်ဖြစ်သည်။
“ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် နည်းပညာလိုအပ်ချက်အရ KG+9 အထိ မသင်မနေရအဖြစ် သတ်မှတ်၍ ပညာရေးကို မြှင့်တင်ပေးရန်အတွက် မိမိတို့တာဝန်ယူချိန် ကာလအတွင်း ဆောင်ရွက်နေကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပြီး ပညာသင်ကြားပေးရာတွင် အတန်းအောင်မြင်ရေးထက် အမှန်တကယ်တတ်မြောက်ရေး သင်ကြားပေးရန်လိုကြောင်း၊ အတန်းအောင်မြင်သော်လည်း စာတတ်မြောက်ခြင်းမရှိသဖြင့် စဉ်းစားတွေးခေါ်မှုများတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ မှန်ကန်သည့် ပညာတတ်များဖြစ်စေရေး ပျိုးထောင်ပေးရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများက ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လို ကြောင်းတို့ကိုလည်း ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကျင်းပ ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ရာ ပညာသင်ကြားရေးတွင် အလေးဂရုပြု၍ နိုင်ငံအတွက် တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်များ ထွက်ပေါ်လာအောင် ဆောင်ရွက်ကြရန် ဆော်ဩခဲ့ခြင်းပင်ဖြစ်သည်။
ပညာရေးမြှင့်တင်မှုပြုလုပ်ရာတွင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် နေထိုင်ကြသည့် ကျေးလက်နေကလေးငယ်များ၏ ပညာရေးကို အားဖြည့်မြှင့်တင်ပေးခြင်းအားဖြင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာနိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment