Friday, December 30, 2022

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သာစည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 

နေပြည်တော် ဒီဇင်ဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ် ကြက်မောက်ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရဲဘော်(၂)ဆည်နှင့် ပျူတွင်းဆည် ပြုပြင်တူးဖော်ခြင်းနှင့် ရေပေး မြောင်း တူးဖော်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေ တောင်သူများ အနေဖြင့် ဆည်ရေနှင့်စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများတွင် အမှန်တကယ် စိုက်ပျိုးကြစေလိုကြောင်း၊ ကျေးရွာသမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ကလည်း လိုအပ်သည်များ၊ နည်းပညာများ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားသည်။

အဆိုပါ ဆည်များနှင့် ရေပေးမြောင်းများ တူးဖော်နိုင်ခြင်းကြောင့် ကြက်မောက်ကျေးရွာအပါ အဝင် ကျေးရွာငါးရွာရှိ တောင်သူများ၏ လယ်မြေ ဧက ၂၀၀၊ ယာမြေဧက ၅၀၀ စုစုပေါင်း စိုက်ပျိုး မြေဧက ၇၀၀ အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကြက်မောက်ကျေးရွာ အသင်းသား ၁၇၀ ဖြင့် ဖွဲ့စည်းထားသော အေးမြသာယာလယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်း လီမိတက်၏ အေးမြသာယာ ကုန်ပဒေသာအရောင်းဆိုင်သို့လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသူများ တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး သမဝါယမအသင်းသစ်များ ဖွဲ့စည်း၍ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ရန်နှင့် သင်တန်းသူများအား အထည်ချုပ်စက်ရုံများနှင့် ဆက်လက် ချိတ်ဆက် ဆောင်ရွက်ပေးရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀၊ ကျေးရွာနေ ပြည်သူထည့်ဝင်ငွေကျပ် သိန်း ၁၀၀ တို့ဖြင့် ဆိတ်မွေးမြူရေးအသင်းဝင် ၂၀ ဖြင့် ဖွဲ့စည်းထားသည့် ဆိတ်မွေးမြူရေးအစုအဖွဲ့နှစ်ဖွဲ့၏ ဆိတ် အကောင်ရေ ၁၅၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ အသင်းဝင် ၃၀ ဖြင့် ဖွဲ့စည်းထားသည့် နွားမွေးမြူရေး အစုအဖွဲ့နှစ်ဖွဲ့၏ နွားအကောင်ရေ ၃၀ မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မွေးမြူထားသည့် ဆိတ်နှင့်နွားများ တိရစ္ဆာန်ရောဂါများ မဖြစ်ပွားစေရေး အမြဲမပြတ်စောင့်ကြည့်ကြရန်၊ ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံထားရန်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment