Tuesday, December 13, 2022

(၇) ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးပညာ ဖိုရမ်ကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁၂

(၇) ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးပညာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖန်ကျင်းကန်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖန်ကျင်းကန်မြို့ အစိုးရအဖွဲ့ မြို့တော်ဝန် Huang Jiang က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းက ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသများတွင် ဆေးဖက်ဝင်အပင်များ၊ ရိုးရာကုသနည်းများနှင့် တိုင်းရင်းဆေးပညာရှင်များသည် ကျန်းမာရေးစောင့်ရှောက်မှု၏ အဓိကရင်းမြစ်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် တိုင်းရင်းဆေးသုံးစွဲမှုများပြားလာကာ နိုင်ငံများ၏အစိုးရများကလည်း တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးလျက်ရှိကြောင်း။

အချို့သောဆေးဖက်ဝင်အပင် မျိုးစိတ်များစွာသည် မျိုးသုဉ်းပျောက်ကွယ်တော့မည် အခြေအနေသို့ ကျရောက်လျက်ရှိကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်နှင့် မျိုးသုဉ်းပျောက် ကွယ်ရန် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များကို ကာကွယ်ရန်ဆေးဖက်ဝင်အပင်များကို စနစ်တကျစိုက်ပျိုးရန် လိုအပ်လျက်ရှိကြောင်း၊ ဆေးဖက်ဝင်အပင်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး၊ တိုင်းရင်းဆေးပညာ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အသုံးချနိုင်ရေးအတွက် နိုင်ငံအချင်းချင်း ချိတ်ဆက်ဆောင် ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များအကြား တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အတွေ့အကြုံများ၊ သုတေသနဆောင်ရွက်မှုများ၊ ဘုံမူဘောင်များ၊ အမျိုးသားမူဝါဒများနှင့် အနာဂတ်ဦးတည်ချက်များကို ဆွေးနွေးဖလှယ်၍ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တိုင်းရင်းဆေးပညာရှင်များ တက်ရောက်ကြပြီး ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ် ဝန်ချုပ်က in-person ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ တိုင်းရင်းဆေး ပညာရှင်များက Online ဖြင့် လည်းကောင်း တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment