Thursday, December 15, 2022

(၆၃)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

 


ကျိုင်းတုံ ဒီဇင်ဘာ ၁၅

၂၀၂၂ခုနှစ် (၆၃)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၇) နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ရွှေတြိဂံဂေါက်ကလပ်၌ ကျင်းပသည်။

 





(၆၃)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက် ထားရှိဖော်ဆောင်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်တည်ဆောက်ခြင်းကိုခံယူပြီး ကြိုးပမ်းဆောင်ရွက်နေကြသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းပြည်နယ်တွင်းက အားကစားသမားများအချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်လာစေရေးနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များ လေ့လာဖလှယ်နိုင်ရေးတို့ကို ရည်ရွယ်ပြီး "ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ" ကို၁၉၅၆ခုနှစ်မှစတင်ကာ "Inter District Golf Tournament "ဆိုသည့် ဖလားဖန်တီးပြီး တောင်ကြီးမြို့၊ ကျိုင်းတုံမြို့နှင့် လားရှိုးမြို့များတွင် နှစ်စဉ်အလှည့်ကျကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ရှမ်းပြည်နယ်တဝှမ်းလုံးက အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် (၆၃)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲကို အမျိုးသားအသင်း(၄၆)သင်း၊ အမျိုးသမီးအသင်း(၉)သင်းတို့မှ စုစုပေါင်း(၃၁၂)ဦး စိတ်ပါဝင်စားစွာ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ပြိုင်ပွဲဝင် အားကစားသမားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဦးစီးကော်မတီ နာယက ကျိုင်းတုံရွှေတြိဂံ ဂေါက်ကလပ် နာယကတြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ၂၀၁၉ ခုနှစ် ကမ္ဘောဇတံခွန်စိုက်ဖလားရရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းမြို့နယ်အသင်းမှ ပြိုင်ပွဲကျင်းပရေးသို့ ကမ္ဘောဇတံခွန်စိုက်ဖလားကို ပြန်လည်အပ်နှံသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ဝပွဲင်အားကစားသမားများအား လိုက်လံ နှုတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က ပြိုင်ပွဲကို SMOKE BALL ရိုက်၍ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါ (၆၃)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား(၄၆)သင်း၊ အမျိုးသမီး(၉)သင်း စုစုပေါင်း(၅၅)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲကို ဒီဇင်ဘာ(၁၅)ရက်မှ(၁၈)ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment