နေပြည်တော် စက်တင်ဘာ ၁၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Towards A Health Silk Road) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ Vice Governor ၊ National Health Commission of China မှ ဒုတိယဝန်ကြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Regional Office for the Western Pacific) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Key Note Speech မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Key Note Speech ဖြင့် မိန့်ခွန်းပြောကြားရာတွင် ယနေ့ဖိုရမ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ပြည်သူ့ကျန်းမာရေး၊ ကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဘာသာရပ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ကျန်းမာရေးအခြေခံ အဆောက်အဦများ ခိုင်မာတောင့်တင်းစေရေး ဒေသတွင်း သာမက ကမ္ဘာ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ခြင်းသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများ တုံ့ပြန်နိုင်ရေးလုပ်ငန်းများအတွက် ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အပါအဝင်ဆေးပစ္စည်း အကူအညီ အထောက်အပံ့များစွာ ရရှိခဲ့ကြောင်း။
တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေး ပိုးလမ်း (Health Silk Road) တည်ထောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ကျန်းမာရေးဆိုင်ရာ ဗဟုသုတ၊ သတင်းအချက်အလက်များ၊ အတွေ့အကြုံများကို အချိန်နှင့်တစ်ပြေးညီ မျှဝေခြင်း၊ ပြည်သူ့ကျန်းမာရေး စနစ်ကို ပိုမိုခိုင်မာတောင့်တင်းစေခြင်းနှင့် သိပ္ပံနှင့်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတွေ့အကြုံမျှဝေခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများစွာရှိသည့် အနက်အရေးကြီးသည့် အခွင့်အလမ်းတစ်ခုမှာ မြန်မာကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာတည်ဆောက်ရေး လုပ်ငန်းဖြစ်ပြီး လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တူညီသောရည်မှန်းချက်များရှိကြပြီး ကောင်းမွန်သောရလဒ် ကြိုးပမ်းဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ နောင်လာမည့်ကာလများတွင်လည်း ပိုမို၍ရည်မှန်းချက် ကောင်းမွန်သော အစီအစဉ်များ ပိုမို၍ လေးနက်သော ဆက်ဆံရေးများအား တည်ဆောက်နိုင်မည် ဟုယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပူးတွဲကြေညာစာတမ်းအား အတည်ပြုထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ ဖိုရမ်ကို စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး၊ မိခင်နှင့် ကလေးကျန်းမာရေး၊ ဆေးရုံစီမံခန့်ခွဲရေး၊ သွားကျန်းမာရေး အစရှိသည့် ဖိုရမ်ခွဲများအား နေ့အလိုက် ကျင်းပသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment