မြစ်ကြီးနား စက်တင်ဘာ ၁၅
ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြို့နယ်အသီးသီးမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ ၁၂၃ ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၀)မျိုးဖြင့် (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက် မွန်းလွှဲ ၂ နာရီ က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ
ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊
အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က
ကချင်ပြည်နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊
အတီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲတွင်
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အနုပညာရှင် လူငယ်မောင်မယ်များအနေဖြင့်
ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး လုံလဝီရိယစိုက်ထုတ်ပြီး
ကျွမ်းကျင်သည်ထက် ကျွမ်းကျင်အောင် ပြိုင်ပွဲဝင်ချိန်အထိ ဆက်လက်လေ့ကျင့်သွားရန်
လိုအပ်ပါကြောင်း၊ ယခုလိုခန့်ညားထယ်ဝါသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို
ကမ္ဘာ့အလည်ဝင့် ထယ်ရှင်သန်အောင် မိမိတို့၏ အနုပညာဖန်တီးနိုင်စွမ်းကို အသုံးချပြီး
ဆက်လက်ပြုစု ပျိုးထောင်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ယင်းနောက်
ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ကဗျာလွတ်အကအဖွဲ့၊ အခြေခံပညာအဆင့် အသက် (၁၀ နှစ်မှ
၁၅ နှစ်) အမျိုးသားအက၊ အဆင့်မြင့်ပညာ အမျိုးဂုဏ်၊ ဇာတိဂုဏ် (အမျိုးသမီး) အဆိုရှင်၊
အခြေခံပညာစောင်းတီးတို့နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ဖျော်ဖြေမည့်
လာချိဒ်တိုင်းရင်းသား ရိုးရာအကအဖွဲ့၊ ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်
ပြည်နယ်ကိုယ်စားပြု မွန်တိုင်းရင်းသား ရိုးရာအကအဖွဲ့နှင့် ဒိုင်အဖွဲ့ဝင်များ၏
မြိုင်ထအကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချူပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်တိုင်းမှူး
ဗိုလ်ချုပ်ကိုကိုမောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊
ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများက
ပြည်နယ်အဆင့်ပြိုင်ပွဲ (၃)ရက်တာ ယှဉ်ပြိုင်မှုတွင် အသက်အရွယ်အုပ်စုအလိုက်
ဘာသာရပ်အသီးသီးတွင် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီးပြိုင်ပွဲများတွင်
ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သော ပြိုင်ပွဲဝင်များနှင့်
ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် အကဲဖြတ်အမှတ်ပေး
ဒိုင်အဖွဲ့၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များအတွက် ဂုဏ်ပြုဆုတံဆိပ်၊
ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ
ကချင်ပြည်နယ်အဆင့်ပြိုင်ပွဲကို မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၁၂၃ ဦးတို့ဖြင့်
(၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အခမ်းအနားတွင် ပထမဆုရရှိသည့်
ပြိုင်ပွဲ (၆၇)ဦးတို့အား ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်နိုင်ရေး
စက်တင်ဘာ ၂၅ ရက်နေ့မှစတင်၍ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့်
စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊
တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment