Saturday, September 17, 2022

ပြည်သူအားလုံး ပါဝင်ရမည့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး

 


ပလတ်စတစ်မသုံးစွဲရေး ပညာပေးမှုများနှင့်အတူ အပတ်စဉ်တနင်္ဂနွေနေ့ကို ပလတ်စတစ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်၍ အနယ်နယ်အရပ်ရပ်တွင် နှိုးဆော်ကြပ်မတ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပေါပေါများများထုတ်လုပ်၊ ပေါပေါများများသုံးစွဲပြီး အလွယ်တကူ စွန့်ပစ်နေကြသော ပလတ်စတစ်က လူများ၊ သတ္တဝါများကိုရော သဘာဝပတ်ဝန်းကျင်ကိုပါ အန္တရာယ်များစွာကျရောက်စေသည့်အရာဖြစ်သည်ကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကြမှသာ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးမှသည် လုံးဝမသုံးစွဲတော့သည် အထိ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ပလတ်စတစ်သုံးစွဲမှု ကန့်သတ်ခြင်းကို အစပျိုးရုံမျှသာရှိနေချိန်တွင် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အိန္ဒိယ စသည့်နိုင်ငံတို့တွင် ပလတ်စတစ်သုံးစွဲမှု လုံးဝပိတ်ပင်တားဆီးခြင်း၊ တစ်စိတ်တစ်ပိုင်းတားဆီးခြင်းတို့ ပြုလုပ်ထားပြီးဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစသည့် တွင်းထွက်ပစ္စည်းများကို အခြေခံ၍ထုတ်လုပ်ထားသည့် ပလတ်စတစ်နှင့် ပလတ်စတစ်အသုံးအဆောင်ပစ္စည်းများမှာ လူသားတို့၏နေ့စဉ်ဘဝတွင် အကြီးအကျယ် နေရာယူထားသည်။ ပလတ်စတစ်မှထွက်ပေါ်လာသည့် ဓာတုပစ္စည်းများက အဆိပ်အတောက်များ အဖြစ် လူ့ခန္ဓာကိုယ်များထဲသို့ရောက်ရှိနေကြပြီး သွေးကြောများ၊ တစ်သျှူးများထဲတွင် တွေ့နိုင်သည်ဟု ဆိုသည်။ ၎င်းဓာတု အဆိပ်အတောက်များကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်း၊ ဟော်မုန်းပျက်စီးခြင်း၊ မွေးရာပါအင်္ဂါ ခြေလက်မစုံခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းစသည်တို့ ဖြစ်ပွား နိုင်သည်။ လူကိုအန္တရာယ်ဖြစ်စေသည့် ပလတ်စတစ်သည် ကုန်းနေရေနေသတ္တဝါများ၊ သားငှက် တိရစ္ဆာန်များကိုလည်း အန္တရာယ်ပေးသည်။ ပလတ်စတစ်အမှိုက်များကြောင့် ရေအရင်းအမြစ်များ၊ မြေဆီလွှာများပျက်စီးစေပြီး သစ်ပင်များပေါက်ရောက်ရှင်သန်မှုကိုလည်း အနှောင့်အယှက်ပေးသည်။

ပလတ်စတစ်အသုံးအဆောင်များကို စွန့်ပစ်လိုက်သည့်အခါ ၎င်းတို့သည် အလွယ်တကူ ဆွေးမြည့် ကျေပျက်သွားခြင်းမရှိဘဲ နှစ်ပေါင်းရာထောင် ဆက်လက်တည်တံ့နိုင်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုမှာ နှစ်စဉ် အိတ်အလုံးရေ ၅၀၀ ဘီလီယံမှ ၁ ထရီလီယံ အထိရှိမည်ဟု ခန့်မှန်းထားရာ ၁ ထရီလီယံတွင် ဘီလီယံ ၁၀၀၀ ရှိပြီး ကိန်းဂဏန်းဖြင့်ချရေးပါက ၁ နောက်တွင် သုည ၁၂ လုံးရေးရမည်ဖြစ်သည့်အတွက် မည်မျှကြီးမားသည့် ပမာဏဖြစ်သည်ကို သိရှိနိုင်သည်။ တစ်ကမ္ဘာလုံးက တစ်မိနစ်တိုင်းတွင် ပလတ်စတစ်အိတ် တစ်သန်းသုံးစွဲနေကြပြီး အမှိုက်အဖြစ်စွန့်ပစ်နေကြရာ မြေပြင်မှာရော သမုဒ္ဒရာကြီးများမှာပါ ပလတ်စတစ်အမှိုက်တို့က အန္တရာယ်ပြုနေကြပြီဖြစ်သည်။

မိမိတို့မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ မြေပြင်ရေပြင်နှင့် ပင်လယ်ပြင်၊ ကမ်းရိုးတန်းများတွင် လည်း ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်ဖြစ်ပေါ်နေပြီဖြစ်သည်။ ပလတ်စတစ်သုံးစွဲမှု လျှော့ချရာတွင် ပြန်လည်အသုံးပြုခြင်း၊ သုံးစွဲမှုလျှော့ချခြင်း၊ ပြန်လည်ထုတ်လုပ်သုံးစွဲခြင်းတို့ ပြုလုပ်ရန် အသိပညာပေးသကဲ့သို့ပင် ထုတ်လုပ်မှုအပိုင်းကိုလည်း ထိန်းချုပ်ကန့်သတ်မှုပြုရန်နှင့် ပလတ်စတစ်အစားထိုးထုတ်လုပ်မှုများ ဖွံ့ဖြိုးလာစေရန် အားပေးကူညီ မြေတောင်မြှောက်ပေးခြင်း အားဖြင့် ရေရှည်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေး အောင်မြင်စွာ အကောင်အထည်ဖော် နိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment