Monday, May 16, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်

 

နေပြည်တော် မေ ၁၅

(၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ကို မေ ၁၅ ရက် နေ့လယ်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ CONRAD HOTEL BALI ၌ ဆက်လက်ကျင်းပသည်။

အဆိုပါအစည်းအဝေး နေ့လယ်ပိုင်းပထမပိုင်းအစီအစဉ်တွင် (၈)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို “ကပ်ရောဂါများ ပြင်ဆင်တုံ့ပြန်ရာတွင် One Health Approach နည်းလမ်းအသုံးပြုရေး “Promoting One Health Approach to Prepareand Respond to Pandemic” ခေါင်းစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ National Health Commission မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားရာတွင် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက်ရောဂါများ ထိရောက်အောင်မြင်စွာထိန်းချုပ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံတွင် ကူးစက်ရောဂါထိန်းချုပ်မှုဗဟိုဌာန (Myanmar Center for Disease Control) တည်ဆောက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ၊ဆေးနှင့် ဆေး ပစ္စည်းများလှူဒါန်းခြင်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါကူးစက်ရောဂါထိန်းချုပ်မှုဗဟိုဌာန တည်ဆောက်ပြီးစီးပါကမြန်မာနိုင်ငံ ၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနအပြင် အခြားဆက်စပ်ဝန်ကြီးဌာနများပါ အသုံးပြုနိုင်မည့် သိပ္ပံနည်းကျ သတင်းအချက်အလက်များ၊ အကြံပြုချက်များပံ့ပိုးပေးနိုင်မည့်အပြင် ရောဂါပိုးများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများရှိ ကူးစက်ရောဂါထိန်းချုပ်မှု ဌာနများနှင့်လည်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပွား လျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နောင်ကာလတွင်ဖြစ်ပွားလာနိုင်သည့် ကပ်ရောဂါများ အတွက် “One Health Approach” ဖြင့် တိရစ္ဆာန်များတွင်ဖြစ်ပွားသော ရောဂါပိုးမွှားများအား စောင့်ကြည့်လေ့လာ၍ သတင်းအချက်အလက်များ၊ ရောဂါကူးစက်သည့်နည်းလမ်းများကို လျင်မြန်စွာဖြန့်ဝေခြင်းဖြင့် လူသားများတွင်တွေ့ကြုံနိုင်သည့် ကပ်ဘေးအန္တရာယ်များအား လျှော့ချနိုင်မည်ဖြစ်ပါကြောင်းပြောကြားပြီး (၈)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးပူးတွဲကြေညာစာတမ်း အတည်ပြုထုတ်ပြန်ခြင်းကို ဆောင်ရွက်ခဲ့ကြ သည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အဖြစ် အာဆီယံ-အမေရိကန်ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို “ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာစေရန် အာဆီယံ-အမေရိကန်ပူးပေါင်းဆောင်ရွက်ရေး”  “Charting ASEAN-US Future Collaboration towards Strengthe-ning Health Systems for Public Health Emergencies” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်နိုင်ငံမှ Secretary of U.S Department of Health and Human Services တို့တက်ရောက်သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများတွင် ကျန်းမာရေး စနစ်တောင့်တင်းခိုင်မာမှု၏ အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် “လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်” ဟူသောလုပ်ငန်းစဉ်နှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်လျက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် အခက်အခဲများစွာကြုံတွေ့ရခြင်းများရှိပါ ကြောင်း၊ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာဌာနများ၊ ကာကွယ်ဆေးထိုးနေရာများတွင် ကျန်းမာရေးဝန်ထမ်းများအား အကြမ်းဖက်အဖွဲ့အစည်းများမှ တိုက်ခိုက်မှုများ ခံရခြင်းများ ကြုံတွေ့နေရခြင်းများရှိပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းများကို မူလ သတ်မှတ်ထားသော ဦးစားပေးအုပ်စုများသာမက မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများရှိရာဒေသများ၊ ရွှေ့ပြောင်းအုပ်စုများရှိရာနေရာများပါ တိုးချဲ့ထိုးပေးနေသည့်အပြင် နောက်လာမည့်အပတ်များတွင် အသက် ၁၂ အထက်ကလေးများ ထိုးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEANC oordinating Centrefor Humanitarian Assistanceon Disaster Management- AHA Centre) မှ တစ်ဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ခြင်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ အောင်မြင်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကူးစက်ရောဂါများကူးစက်မှုသည် ဧရိယာနယ်ပယ်ကန့်သတ်ထားခြင်းမရှိသည့်အတွက် အာဆီယံဒေသ တွင်းနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများအားလုံးလက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ၍ နိုင်ငံတစ်နိုင်ငံအား ချန်ထားခဲ့ခြင်းအားဖြင့် ဒေသတွင်းကူးစက်ရောဂါ ကာကွယ်နိမ်နှင်းရေးလုပ်ငန်းများ အောင်မြင်မှုရရှိမည်မဟုတ်ပါကြောင်း ဆွေးနွေးပြောကြားပြီး အာဆီယံ-အမေရိကန် ကျန်းမာရေးဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာစာတမ်းများအား အတည်ပြုထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံနိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ လက်ထောက်အတွင်းဝန် ဒေါက်တာရဲမင်းထွေးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment