နေပြည်တော် ဒီဇင်ဘာ ၈
မိုးစပါး တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး၊ တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ညောင်ကုန်းကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဧရိယာအတွင်း စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုနှင့် စားသုံးမှုဖူလုံရေး ဟန်ချက်ညီစေရန် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ လယ်ယာထွက်ကုန်အခြေခံသည့် ကုန်ထုတ် လုပ်ငန်းများဖွံ့ဖြိုးလာရေး ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ အဓိကရိက္ခာသီးနှံဖြစ်သည့် ဆန်စပါးဖူလုံပိုလျှံရေး အတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကများ၊ တောင်သူများနှင့် သက်ဆိုင်သူအားလုံးတို့က မိမိတို့ကျရာ အခန်းကဏ္ဍများက ပူးပေါင်းကြိုးပမ်း လျက်ရှိနေကြမှု အပေါ် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ အလားတူ ပဲမျိုးစုံဆီထွက်သီးနှံနှင့် အခြားသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တွင်လည်း အားသွန်ခွန်စိုက် ဆက်လက်ပူးပေါင်းပါဝင်ကြခြင်းဖြင့် ပြည်သူအများစုနေထိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေး ကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါ ကြောင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယခုကဲ့သို့ စိုက်ပျိုး ဆောင်ရွက်သည့် စံပြကွက်များမှ စိုက်ပျိုးနည်း ပညာများအား အစဉ်သဖြင့် လိုက်နာကျင့်သုံးပြီး တောင်သူ အချင်းအချင်း နည်းပညာဖလှယ်ခြင်းအားဖြင့် စိုက်ပျိုးနည်းပညာများကို တောင်သူများသိရှိပြီး ဝင်ငွေပိုမိုတိုးတက်ရ ရှိရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံ၌ နှစ်စဉ် မိုးစပါးဧက(၁၅)သန်းခန့် နှင့် နွေစပါးဧက(၂)သန်းကျော် စုစုပေါင်း ဧက(၁၇) သန်းခန့် စိုက်ပျိုးလျက်ရှိပြီး ဆန်စပါးကို ပြည်တွင်း စားသုံးမှုဖူလုံပိုလျှံရေးနှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် တစ်ဧက အထွက်နှုန်း တိုးတက်ရေးကို အလေးထား ဆောင်ရွက် လျက်ရှိရာ သမရိုးကျ စိုက်ပျိုးနည်းစနစ်နှင့် ကွဲပြားခြားနားသော သိပ္ပံနည်းကျ စိုက်နည်း စနစ်များနှင့်အညီ ဆောင်ရွက်ကြရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ စပါးတစ်ဧက အထွက်နှုန်း သိသိသာသာ တိုးတက်လာစေရေးအတွက် သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို တောင်သူများသိရှိ နားလည်စေရန်နှင့် အဆိုပါ နည်းစနစ်များအား တောင်သူအချင်းချင်း ဖလှယ်ခြင်းအားဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်လာကြပြီး တစ်ဧကအထွက်နှုန်း အမြင့်ဆုံးထိ တိုးတက်ထွက်ရှိလာစေရန် ရည်ရွယ်၍ သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် မိုးစပါး တစ်ဧကအထွက်နှုန်း တင်း(၁၀၀) ကျော် ထွက်ရှိသည့် တစ်ကွင်း တစ်စပ်တည်း စံပြကွက်များ ကို တိုင်းဒေသကြီး ပြည်နယ် (၁၀)ခုတွင် စိုက်ပျိုးပြသလျက်ရှိ သကဲ့သို့ နေပြည်တော်ကောင်စီ နယ်မြေ၌လည်း အထွက်နှုန်း တင်း(၁၀၀)နှင့် အထက်ထွက် ရှိသည့် မိုးစပါးဧက(၁၀၀) စံပြကွက်ကို တောင်သူများအား နည်းပညာနှင့် သွင်းအားစုများပံ့ပိုး၍ စီမံချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ယခုနှစ် မိုးစပါးဧက စုစုပေါင်း တစ်သိန်း ခုနစ်သောင်း ကျော် စိုက်ပျိုးခဲ့ပြီး ယနေ့အထိ ဧကခုတစ်သောင်းကျော် ရိတ်သိမ်းပြီးဖြစ်သည်။ ဒက္ခိဏသီရိ မြို့နယ် မိုးစပါးတစ်ဧက တင်း(၁၀၀) ထွက်ရှိရေး၊ တစ်ကွင်းတစ်စပ်တည်း ဧက (၁၀၀) စံပြကွက်တွင် မနောသုခစပါးမျိုးကို စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့် စံကွက်ရိတ်သိမ်း ပွဲတွင် တစ်ဧကလျှင် စပါးအစို(၁၃၃)တင်းနှုန်း၊ အခြောက် (၁၁၅)တင်းနှုန်း ထွက်ရှိ ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment