နေပြည်တော် ဒီဇင်ဘာ ၁၄
သီးနှံအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်စေမည့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း များနှင့် မြေဆီလွှာ ဖွံ့ဖြိုးရေး နည်းပညာ၊ အသိပညာပြန့်ပွားရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေဩဇာကော်မတီ၏ (၃၄) ကြိမ်မြောက် အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ မြေဩဇာကော်မတီအဖွဲ့ဝင်များနှင့် မြေဩဇာ ကျွမ်းကျင်ပညာရှင် များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အရည်အသွေး ပြည့်ဝပြီး စံချိန်စံညွှန်း ကိုက်ညီသော မြေဩဇာများကို အကျိုးရှိစွာ သုံးစွဲနိုင်ကြစေရန် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ကို အခြေခံ၍ သက်ဆိုင်ရာဌာနများ ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်သည့် မြေဩဇာကော်မတီ အစည်းအဝေးများမှ စိစစ်ဆွေးနွေး ဆောင်ရွက်ခဲ့ရာ (၃၃)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာတင်သွင်း၊ တင်ပို့ထုတ်လုပ် မှတ်ပုံတင် စုစုပေါင်း (၈၇၃၈) စောင်ကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ခဲ့ပြီး ဖြစ်သည်။
မြေဩဇာများ ထုတ်လုပ်၊ တင်သွင်းခြင်း လုပ်ငန်းများအတွက် လွယ်ကူလျှင်မြန်စွာ မှတ်ပုံတင်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက MAIRS Online System ဖြင့် မှတ်ပုံတင် လျှောက်ထားခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် လျှောက်လွှာများကို မှတ်ပုံတင် ခွင့်ပြုလက်မှတ်များ Online မှ ထုတ်ယူ ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ အလားတူ မြေဩဇာ တင်သွင်းထောက်ခံချက်များကိုလည်း Online မှ ဆောင်ရွက်ပေးလျက်ရှိသည်။
မြေဩဇာများတင်သွင်းရာတွင် လုပ်ငန်းလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ဖြေလျော့မှု အနေဖြင့် ထုတ်ပိုးပစ္စည်း၌ ပြည်ပမူရင်းနိုင်ငံ၏ အမှတ်တံဆိပ်ပါ Orginal Bag များတွင် မြေဩဇာအမည်နှင့် ပါဝင်သောအာဟာရဓါတ် အချိုးအစားကို အလွယ်တကူ စစ်ဆေးနိုင်ရန် အင်္ဂလိပ် ဘာသာဖြင့်ဖော်ပြ၍ တင်သွင်းခွင့်ပြုခဲ့ပြီး ပြည်တွင်းသို့ ရောက်ရှိလာမှသာ မြန်မာဘာသာအညွှန်းစာပါ အိပ်ခွံများအတွင်း ထည့်သွင်းရောင်းချနိုင်ရေး ဆောင်ရွက်ပေးထား ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment