မြေကမ္ဘာတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာသူမှန်သမျှ တူမျှသော အခွင့်အရေးရရှိစေရေးနှင့် ကမ္ဘာသူကမ္ဘာသားလူသားတစ်ဦးအနေဖြင့် ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ရေးတို့ကို ရည်သန် လျက်ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို လွန်ခဲ့သည့် (၇၃) နှစ်က ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးသည် နိုင်ငံတစ်ခုခု၏ နိုင်ငံသူနိုင်ငံသားအဖြစ် ရရှိသည့်အခွင့် အရေးမျိုးမဟုတ်ဘဲ လူသားတစ်ဦးအနေဖြင့် ရရှိသင့်သည့် အခွင့်အရေးပင်ဖြစ်သည်။
လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆို ရာတွင် လူတစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ၎င်းတို့၏အခြေခံ လွတ်လပ်ခွင့်များနှင့် သက်ဆိုင်သည့် တရားရေးဆိုင်ရာ အာမခံချက် ဟုဆိုထားသည်။ သို့ဖြစ်ရာ လူ့အခွင့်အရေးသည် ဥပဒေအရခံစားခွင့် ရှိရမည်ဖြစ်ပြီး လူတစ်ဦးချင်းအရရော အုပ်စုလိုက်အရပါ ခံစားနိုင်သည့် အခြေခံအခွင့်အရေး (ဝါ) လွတ်လပ် ခွင့်များပင်ဖြစ်သည်။ ထို့အပြင် လူ့အခွင့်အရေးကို အခြားသောအနက်ဖွင့်ဆိုမှုများလည်းရှိနေပြီး လူသားတစ်ဦးအနေဖြင့် ရှင်သန်ရာတွင် အကြောက်အရွံ့စိုးရိမ် ထိတ်လန့်မှုတို့ကင်း၍ လုံခြုံစိတ်ချစွာ နေနိုင်ခြင်းနှင့် ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက်မတောင့်မတ မကြောင့်မကြနေနိုင် ခြင်းဟူ၍လည်း ဆိုကြသည်။ ဤတွင် လူသားတစ်ဦးအဖြစ်ဖြင့် ရရှိသင့်သည်ဟူ၍ ပြဋ္ဌာန်းထား သည့် လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် နေထိုင်လျက်ရှိ သောလူတိုင်းရရှိ ခံစားနေကြပြီလောဟူ၍ မေးခွန်းထုတ်ပါက မရရှိသေးဟူ၍သာ အဖြေရရှိ မည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ရှိနေသည့် ယုံကြည်ကိုးကွယ်မှု ဘာသာတရားများ၊ ယောက်ျားမိန်းမ လိင်ကွဲပြားမှု သဘာဂများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ စသည်တို့အပါအဝင် အကန့်အသတ် အတားအဆီးများစွာတို့က လူတိုင်းလူ့အခွင့်အရေး ပြဋ္ဌာန်းချက်များအားလုံး မရရှိနိုင်သည့် အဟန့် အတားများပင် ဖြစ်သည်။ သို့ဖြစ်ရာ လူ့အခွင့်အရေးမည်ရွေ့မည်မျှရသည်၊ မရသည် ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ခွင့်ပြုနိုင်သည့် ဘောင်အတွင်းမှာသာရှိသည့်အတွက် ကစ်နိုင်ငံနှင့် တစ်နိုင်ငံကူညီ မည်မဟုတ်ကြောင်း သိရှိထားကြရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ မည်သည့် နိုင်ငံ၊ မည်သည့်ဒေသ၊ မည်သည့်အခြေအနေမျိုးတွင်မဆို လူတိုင်းရရှိရမည့် အခြေခံ လူ့အခွင့် အရေးများ ရရှိနိုင်ရန်အတွက်မူ ဥပဒေပြဋ္ဌာန်း၍ အာမခံချက်ပေးကြရသည်သာ ဖြစ်သည့်အပြင် လူ့အခွင့်အရေးများကို ရိုသေ လေးစားကြရန်လည်း လိုအပ်သည်သာဖြစ်သည်။
ယခုနှစ် (၇၃) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်မှာ "Equality - Reducing inequalities, advancing human right" ဖြစ်ပြီး မြန်မာလို "တန်းတူညီမျှဖို့ မညီမျှတာလျှော့ချကာ လူ့အခွင့်အရေးကိုမြှင့်တင်ကြ” ဟူ၍ဖြစ်သည်။ လူသားတိုင်း လူ့အခွင့် အရေး ရရှိခံစားနိုင်ရေးသည် ကျင့်ဝက်သဘောလည်းပါရှိရာ ယခုနှစ် လူ့အခွင့်အရေး ဆောင်ပုဒ်က ပို၍ပေါ်လွင် ထင်ရှားစေသည်။ မညီမျှမှုများကိုလျှော့ချနိုင်ရန်မှာ ပိုမိုရယူထား သည်များကို လျှော့ချ၍ လိုအပ်သူများထံ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်သည်။ လက်တလော ဥပမာအားဖြင့် ချမ်းသာသည့် နိုင်ငံကြီးများက ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပိုဆောင်း ဝယ်ယူစုဆောင်းထားချိန်တွင် ဆင်းရဲသည့် နိုင်ငံငယ်များမှ လူများ ကာကွယ်ဆေး ထိုးနှံခွင့် မရှိသလောက် နည်းပါးနေသည့် အခြေအနေမျိုးပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသူနိုင်ငံသားများ အခြေခံလူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် နိုင်ငံအေးချမ်းသာယာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးကောင်းမွန်ဖို့လိုသည်။ သို့မှသာ လုံခြုံစိတ်ချ ကြောက်ရွံ့ မှုကင်းစွာ နေထိုင်နိုင်ခွင့်နှင့် မတောင့်မတ မကြောင့်မကြ ဖူလုံစွာ နေထိုင်နိုင်ခွင့်ကို ရရှိနိုင်မည်ဖြစ် သည်။ ပဋိပက္ခများနှင့် တုန်လှုပ်ချောက်ချားနေသည့် အခြေအနေနှင့် စီးပွားရေးယန္တရားကို ရပ်ဆိုင်းကာ ဆင်းရဲမွဲတေနေသည့် အခြေအနေတို့ကို ဖန်တီးဖြစ်ပေါ်စေပါက လူ့အခွင့်အရေးတို့ ဆိတ်သုဉ်း ပျောက်ကွယ်လိမ့်မည်ဟု ရှုမြင်မိပါကြောင်း။ ။
မြန်မာအလင်းအယ်ဒီတာ့အာဘော်
No comments:
Post a Comment