နေပြည်တော် ဒီဇင်ဘာ ၁၇
၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တာဝန်ရှိဖိတ်ကြားထားသူများက ဗီဒီယိုကွန်ဖရင့် ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများ၌ ဆပ်ကော်မတီအလိုက် အသေးစိတ် ဆွေးနွေးဆောင်ရွက်ကြပြီး ဖြစ်ကြောင်း၊ ယခုတတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဆပ်ကော်မတီအလိုက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ နောက်ဆုံးဆောင်ရွက် ပြီးစီးမှုများ၊ ဆောင်ရွက်ရန် ကျန်ရှိမှုများနှင့် ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီ၊ နိုင်ငံတော် အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီများမှ ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကော်မတီများအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဖြည့်စွက် မှာကြားသည်။
ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ နှစ်သစ်ကာလတွင် ပထမဆုံးအကြိမ် ကျင်းပမည့် နိုင်ငံတော် အဆင့် အခမ်းအနားဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ မင်္ဂလာရှိသည့် အခမ်းအနား ဖြစ်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နှစ်သစ်ကာလကို စိတ်သစ်လူသစ်ဖြင့် ကြိုဆိုရင်း လွတ်လပ်ရေးအချုပ်အခြာအာဏာကို တန်ဖိုးထား လေးစားထက်သန်သည့်စိတ်၊ မိမိတို့၏ အချုပ်အခြာအာဏာကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းနိုင်စေမည့် စိတ်ဓာတ်များ ထက်သန်ကိန်းဝပ် နေစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment