“ဖြတ်သုံးဖြတ်” နှင့် ပတ်သက်သောဇာတ်လမ်းများ များစွာရှိပါသည်။ အထူးသဖြင့် ချစ်သူအချင်းချင်း ဆေးလိပ်၊ စီးကရက်ဖြတ်ဖို့၊ အရက်ဖြတ်ဖို့၊ မူးယစ်ဆေးဝါးဖြတ်ဖို့ အကြိမ်ကြိမ်ညှိကြရသည့် ဇာတ်လမ်းများရှိသော်လည်း “ကွမ်းစား” ဖြတ်ဖို့ ဇာတ်လမ်းမျိုးတော့ မရှိလှချေ။ ကြောက်ရသူက ဖြတ်ခိုင်းလျှင်ပင် နောက်ကွယ်၌ ကွမ်းမစားဘဲ မနေနိုင်သူများရှိ၏။
“စီးကရက်ကို
xxx ဖြတ်လိုက်ပါxxx အကြိမ်ကြိမ်အခါခါကိုယ်ပြောxxx” ဟူ၍ သီချင်းကလေးဆို ဟန့်တားလာသောချစ်သူကြောင့်
အမှန်တကယ် ဆေးလိပ်ပြတ်ပါသလား။ အရက်၊ မူးယစ်ဆေး ပြတ်ပါသလား။ မပြတ်ပါ။ ထိုအခါ ဒေါသထွက်လာသော
ချစ်သူမိန်းကလေးက “အားလုံးကို ပြတ်သွားအောင် မင်းဖြတ်ရင်ဖြတ်xxx ဒါမှမဟုတ်ရင်
မင်းငါ့ကိုဖြတ်” ဟူ၍ စိန်ခေါ် လာတော့သည်။ ထိုချစ်သူ နှစ်ယောက်ပြတ်သွားပါသလား။
မပြတ်ပါ။ သည်လိုနှင့် လုံးထွေးလုံးထွေးဖြစ်ရင်းက အဖြေပေါ် ဟန်သော်လည်း သူတို့က
တစ်နေ့တာပြတ်ချင် ယောင်ဆောင်၏။ အဟုတ်မှတ်ထင်၍ လက်ထပ်မိပြီးမှ မကြာခင် ဇာတိရုပ်ပြတော့၏။
မပြတ်နိုင်သော လင်ယောက်ျားကို ပြတ်သားစွာဖြတ်တောက်ဖို့ရာ မဖြစ်နိုင်တော့။ ထိုဆေးဝါး
တွေထက် တွယ်ငြိစရာ သံယောဇဉ်တွေ စီတန်း၍နေပေပြီ။
ကိုယ်ဖြစ်ကိုယ်ခံ
မိဘတွေက
မကြိုက်၍ဆုံးမလာလျှင် နောက်ကွယ်မှာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး သုံးစွဲကြ၏။ ဖခင်က
ဆေးလိပ်မသောက်ဖို့ ဆုံးမ ရင်း ဆေးလိပ်ဖွာ၍နေသည်ကိုမြင်လျှင် ကျေနပ် မည်မဟုတ်။
အရက်သမားဖခင်ကိုလည်း ကြည်ညို စွာနားထောင်ကာ ဖြတ်ရန်ဆက်ပြီး ကိုယ့်ဘာသာ ကိုယ် “ကိုယ်ဖြစ်ကိုယ်ခံ”
အဖြစ် ဆက်လက်ချီတက်တတ်၏။
ရှားပါး
အဖြစ်အပျက်တစ်ခုအနေဖြင့် မိဘများကိုယ်တိုင်ဆေးစွဲသွားကြသည့်ကိစ္စ ကြုံခဲ့ရ၏။ ဆေးစွဲသူများမှာလည်း
သာမန်လူများမဟုတ်။ ဆရာဝန်လင်မယားဖြစ်ပါ၏။ သူတို့၏သားသမီး များနှင့်မိသားစုအတွင်း
အမှန်တကယ်ဖြစ်ပျက်ခဲ့ သည်များကိုမူမသိနိုင်။ စိတ်ကူးဖြင့် ဝတ္ထုတစ်ပုဒ်ကို ဖန်တီးဖို့ပင်မဖြစ်နိုင်ချေ။
အထူးသဖြင့် ဆေးစွဲသူများ၏ အနီးကပ်ပုဂ္ဂိုလ်များမှာ ဒုက္ခကြီးလှပါ သည်။ ဆေးဖြတ်ပေး၍ရမည်အထင်နှင့်
ကြိုးစား ရင်းကြိုးစားရင်း ချစ်သူသမီးရည်းစား လင်မယား နှစ်ယောက်စလုံး စွဲသွားသည့်အဖြစ်မျိုးတွေ
ရှိနေ၏။
မည်သူမျှ
အမိဝမ်းကထွက်သည်နှင့် ကွမ်း၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး သုံးဆောင်နိုင်သည် မဟုတ်ချေ။
သို့သော် သနားစရာကလေးငယ်များမှာ သန္ဓေသားဘဝတွင်ပင် ဖခင်လောင်းထံမှ ဆေးလိပ် စီးကရက်အဆိပ်အတောက်များဒဏ်
ခံစားရ၏။ မိခင်က စွဲလမ်းစွာအသုံး ပြုနေသည့် အရက်၊ မူးယစ် ဆေးဝါးတို့၏ဒဏ်ကို ခံရ၏။
အရှင်မွေးလာလျှင်လည်း ပြာနှမ်း၍ အသက်ရှူမဝဘဲ မြန်မြန်သေ၏။ မသေလျှင်လည်း ဦးနှောက်ထဲတွင်
ထိခိုက်မှုတစ်ခုခုရှိလာပြီး ပုံမှန်ရှင်သန် ခွင့်ကို ထိခိုက်စေ၏။ လမစေ့ဘဲ မွေးလာလျှင်မူ
မီးတွင်းကာလတွင်ဖြစ်စေ၊ လသား အရွယ်တွင် ဖြစ်စေ၊ အသက်တစ်နှစ်အောက်တွင်ဖြစ်စေ သေဆုံးမှုနှုန်းထားများသည့်အထဲတွင်
ပါသွား ပေလိမ့်မည်။
အရက်နှင့် မူးယစ်ဆေးကို ရှောင်ရန်
သို့ဖြစ်၍
ကလေးမိဘလောင်းများမှာ ဆေးလိပ်၊ စီးကရက်၊ အရက်နှင့် မူးယစ်ဆေးများကို သတိထား ၍ရှောင်ရန်
ပညာပေးလျက်ရှိကြပါသည်။ ရှေးရိုးမြန်မာတို့၏ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု
အလေ့အထများကို ပြန်ကြည့်ပြီး သတိပြုစရာ၊ အတုယူစရာ များကိုယူ၍ သိပ္ပံခေတ်နှင့် ညီသောအလေ့အထများကို
ပြောင်းလဲကျင့်သုံးရန်လည်း လိုပေသည်။
နွားဝယ်၍
မွေးလိုသူသည် ထိုနွား၏ကြန်အင် လက္ခဏာများကို ကြည့်၏။ သွားဖြဲ၍ ကြည့်၏။
သို့ရာတွင် ကိုယ်မွေးလာမည့်ကလေးအတွက် ဤမျှ ပင် ဂရုမစိုက်၊ မလေ့လာထားတတ်ကြောင်း ဆရာကြီး
သိပ္ပံမှူးတင်က ရေးခဲ့ဖူးပါ၏။ မြန်မာမိဘတို့သာ မက တစ်ကမ္ဘာလုံးက မိခင်လောင်း ဖခင်လောင်းများမှာ
ထိုသို့သောသဘောရှိသည်ဟု သုတေသနများကဆို၏။ သို့ဖြစ်၍ ယခုခေတ်တွင် မိဘလောင်းများ ပညာရေးလုပ်နေရ၏။
“ဖဝါးလက်နှစ်လုံး၊
ပခုံးလက်နှစ်သစ်ကစ၍ လူဖြစ်အောင်မွေးကြရသည်”ဟု ဆိုသော်လည်းစနစ် တကျစောင့်ရှောက်တတ်အောင်
သင်ကြား ရခြင်းသည် အရေးကြီးသည့်မျိုးဆက်ပွားကျန်းမာရေး သင်ခန်းစာဖြစ်ပါ၏။ ထိုအထဲတွင်
ဆေးရွက် ကြီးကအစ မူးယစ်ဆေးအမျိုးမျိုးနှင့် အရက်အဆုံး သားငယ်သမီးငယ်တို့ထံ အမွေမပေးခဲ့ရန်
လိုပေသည်။
အခက်အခဲများနှင့် ကြုံတွေ့ရ
လက်ဦးဆရာဖြစ်သော
မိဘတို့က တာဝန်ကျေကျေပျိုးထောင်ပေးလိုက်သည့်တိုင် ကျောင်းရောက် သောအခါ “မတစ်ထောင်သား”
များကို အုပ်ချုပ်ရသော ဆရာဆရာမတို့မှာ ခေါင်းခဲစရာ ကြုံကြ ရပါသည်။ အရွယ်ကလေးရသည်နှင့်
ကျောင်းခန်းထဲသို့ ခိုးသွင်းလာသော မူးယစ်ဆေးဝါးများ၏ ပြဿနာသည် မသေးလှချေ။ ရှေးကတော့
ဆေးလိပ်၊ စီးကရက် ခိုးသောက်ကြသည့် ကျောင်းသားများကို ဆရာများက ထိန်းချုပ်ရ၏။ မူးယစ်ဆေးပြားခေတ်
ရောက်သောအခါတွင်မူ အခက်အခဲများစွာနှင့် ကြုံတွေ့ရလေတော့သည်။
ပထမ
- ဆယ်ကျော်သက်တို့၏ပြဿနာ၊
ဒုတိယ
- မိခင်ဖခင်လောင်းတို့၏ပြဿနာ၊
တတိယ
- မိဘတို့၏ပြဿနာ၊
စတုတ္ထ
- ဆရာ ဆရာမတို့၏ ပြဿနာ။
ထိုအဆင့်လေးဆင့်စလုံးတွင်
ပြဿနာဖြစ်စေ သောဆေးရွက်ကြီးထွက်ပစ္စည်းများ (ဆေးလိပ်၊ စီးကရက်၊
ကွမ်းယာ)၊ မူးယစ်စေတတ်သော ပစ္စည်း များ (အရက်၊ ဘိန်း၊ ဆေးပြားအမျိုးမျိုးမှသည် ကော်ရှူ၊
ဓာတ်ဆီရှူသည်အထိ)မှာ ရပ်ထဲရွာထဲတွင် အလွယ် တကူရနေပါက ပဉ္စမပြဿနာအဖြစ် လူ့အဖွဲ့အစည်း
တစ်ခု၏ပြဿနာဖြစ်လာပါ၏။
ဆဋ္ဌမ
- နိုင်ငံတစ်နိုင်ငံလုံး၏ပြဿနာ၊
သတ္တမ
- ကမ္ဘာကြီးတစ်ခုလုံး၏ ပြဿနာ ဖြစ်လျက်ရှိပါပြီ။
မသင့်သော
စွဲလမ်းမှုတစ်ခုချင်းမှသည် တစ်ကမ္ဘာလုံး၏ပြဿနာဖြစ်လာရာတွင် အကြောင်း ရင်းများ စွာရှိပါ၏။
ဖြေရှင်းဖို့နည်းလမ်းအမျိုးမျိုးကိုလည်း ပညာရှင်အမျိုးမျိုးတို့က ညွှန်ပြမိန့်ဆိုကြပါ၏။
-
ပထမဦးဆုံးအချက်မှာ ဆေးလိပ်၊ စီးကရက်၊ အရက်၊ ကွမ်းယာ၊ မူးယစ်ဆေးဝါးများကို
လုံးဝ မသုံးစွဲဘဲရှောင်ရန်ဖြစ်ပါ၏။ (ဘာသာအမျိုးမျိုးကလည်း လမ်းညွှန်ချက်အမျိုးမျိုးပေးကြ၏။
ယဉ်ကျေးမှု ဓလေ့ထုံးစံအရလည်း မတူကွဲပြား မှုတွေရှိနေ၏။)
-
ဒုတိယပြုလုပ်နိုင်သည့်အလုပ်ကမူ စွဲလမ်းနေ သောအရာဝတ္ထုဆေးဝါးတို့
ဖြတ်ကြည့်ရန် ကြိုးစားဖို့ဖြစ်ပါသည်။ (စွဲလမ်းမှုကို မဖြတ်နိုင်၍ တွန်းပို့မှု၊
ဆွဲဆောင်မှုများကို ရှောင်ရန် အတော် ပင်ကြိုးစားရမည်ဖြစ်ပါသည်။)
ဤလုပ်ငန်းနှစ်ခုစလုံးမှာ
ကိုယ်တိုင်လုပ်ယူမှ ရသောအရာများပင်ဖြစ်ပါ၏။ မိမိ၏ကိုယ်ခံအား အပေါ်တွင်
များစွာမူတည်နေ၏။ ထိုကိုယ်ခံအားကိုဖြစ်တည်စေနိုင်သော ကြိုးစားအားထုတ်မှုရှိရပါ မည်။ ခက်ခဲသောအချက်မှာ
မျိုးရိုးဗီဇပင်ဖြစ်ပါ သည်။ လူတို့သာမက တိရစ္ဆာန်တို့မှာပါ ဤကဲ့သို့ သော ဗီဇများပါတတ်ကြောင်းကို
“ယင်ကောင်များ အရက်စွဲသည့်သုတေသန” ဖြင့် ဖော်ပြ ထားသည်ကိုတွေ့ရပါ၏။ လူများမှာ ယင်ကောင်မဟုတ်သဖြင့်
အရက်စွဲမှုမဖြစ်ရန်၊ ဖြတ်တောက်ရန် ကြံဆကြိုးစားနိုင်ပါသည်။
အမှန်အားဖြင့်
အရက်၊ ဆေးလိပ်၊ ကွမ်းယာမှ အစ မူးယစ်ဆေးဝါးအဆုံး စွဲလမ်းစေတတ်သော စိတ်၏အစာသာဖြစ်ပါသည်။
သားစဉ်မြေးဆက် သုံးဆောင်ခဲ့သော လူ့အဖွဲ့အစည်းအချို့၏ ရွေးချယ်မှုလည်းဖြစ်ပါသည်။ဗုဒ္ဓဘာသာနှင့်အစ္စ
လာမ်ဘာသာများတွင်မူ အရက်ကိုတားမြစ်ပိတ်ပင် ပါ၏။ ကွမ်း၊ ဆေး၊ ဘိန်းတို့ကိုမူ တိကျစွာပိတ်ပင်
ထားခြင်းမရှိချေ။ ကမ္ဘာရွာကြီး (Globalization) ဖြစ်သွားသောအခါတွင်မူ ဘာသာရေး၊ ယဉ်ကျေးမှု၊
ဓလေ့ထုံးစံများ ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ် အောင် ရှောင်ရင်းရှားရင်း
“ယာဘ” ခေါ် မြင်းဆေး၊ အိုက်စ်၊ ကိုကင်း၊ ဘိန်းဖြူများကစ၍ သိပ္ပံနည်း သုံးကာ အလုံးအရင်းနှင့်
ထုတ်လုပ်ဖြန့်ချိလာသော အခါတွင် ဘာသာရေး၊ ယဉ်ကျေးမှု၊ အသိပညာ ကိုယ်ခံအားမကောင်းလျှင်
ခံရဖို့သာရှိတော့၏။
စွဲလမ်းမိက ဖြတ်ရခက်
စွဲလမ်းစေတတ်သော
စိတ်၏အစာများကို ဖြတ်ရန်သင့်၏။ ထိုအစွဲကြောင့် ဘဝပျက်နိုင်
သော ပြဿနာကြီးမား၏။ လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးနိုင်၏။ သို့ရာတွင် စွဲလမ်းမိက
ဖြတ်ရခက် ၏။ အထူးသဖြင့် မိမိက အားကျသူလေးစားအတုခိုး ရသူများက ဆေးလိပ်သောက်ပြ၊
အရက်သောက်ပြ နေလျှင် သောက်ကြည့်ချင်လာ၏။ ကြော်ငြာများကလည်း ပုံစံအမျိုးမျိုးဖြင့် သောက်ချင်လာအောင်
ဆွဲဆောင်နေ၏။
ထူးဆန်းသည့်အချက်မှာမူ
ဘိန်းဖြူ၊ စိတ်ကြွ ဆေး စသည်တို့ကို မီဒီယာများထဲတွင် တရားဝင် ကြော်ငြာမှုမရှိခြင်းပင်။
ထိုအရာများ၏ ကောင်း သတင်းများ ကြော်ငြာခြင်းမရှိဘဲ
ဘာကြောင့် စိတ်ကြွဆေးတွေ ကျပ်ငွေဘီလီယံပေါင်းများစွာ အရောင်းအဝယ်ဖြစ်နေသလဲဆိုသည်မှာ
စဉ်းစား စရာပင်။ ဆိုရှယ်မီဒီယာများတွင်လည်း ကန့်သတ် ထားပုံရပါသည်။
ဘေးအန္တရာယ်နည်းစွာ စွဲလမ်းကြရန်
မီဒီယာထဲတွင်
စီးကရက်သောက်ပြ၊ အရက် သောက်ပြ၊ ဘိန်းမှိန်းပြ၊ ဘိန်းဖြူ ထိုးပြသည်များကို တွေ့နိုင်ပါ၏။
သုံးဆောင်ချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ခြင်းမျိုးသာရှိပြီး မစွဲအောင် အစကတည်း က မသုံးဆောင်ကြရန်၊
စွဲမိသွားလျှင် ဖြတ်တောက် နိုင်သည့်နည်းများကို အသိပညာပေးခြင်းများ
ရှားပါးလှပါသည်။ အများဆုံးလုပ်နိုင်သည်မှာ Harm
Reduction ခေါ် ဘေးအန္တရာယ်နည်းစွာ စွဲလမ်းကြရန်သာ ကူညီလျက်ရှိကြပါသည်။
ပြဿနာ၏အရင်းအမြစ်
(Root cause)ကိုမူ ယခုအထိ တိကျပြတ်သားစွာ ဖော်ထုတ်ဖြေရှင်းရန် ခက်ခဲဆဲဖြစ်ပါသည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုင်ရာ
ဥပဒေအခိုင် အမာရှိ၏။ သို့သော်ဆေးရွက်ကြီးများကို စိုက်ချင် တိုင်းစိုက်၍ရ၏။ ဆေးလိပ်ခုံ၊
စီးကရက်စက်ရုံများသည် တန်ခိုးထွားလျက်ရှိဆဲ။
သန်းပေါင်းနှစ်ဆယ်ကျော်မျှသော မြန်မာအမျိုးသား
အမျိုးသမီးတို့ ကွမ်းဝါးနေကြ၏။ လွတ်လပ်စွာ ဝါး၍ထွေးနေကြသဖြင့် ထိုမြန်မာတို့ ရောက်ရှိရာဒေသ၊
နိုင်ငံများက နှာခေါင်းရှုံ့လာကြ၏။
ရွာကထန်းတဲမှစ၍မြို့က မိုးထိတိုက်
ခေါင်းမိုးပေါ်အဆုံး အမူးဆုံးလူများက ကြီးစိုးကြ၏။ သူတို့အား ကျန်းမာရေးထိခိုက်ကြောင်း
ပုံပြောပြလျှင် ယုံချင်ကြမည်လား။
No comments:
Post a Comment