နေပြည်တော်၊ နိုဝင်ဘာလ ၁၁
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရပ်နားထားရသည့် ကျောင်းများကို လက်ရှိအချိန်တွင်
အတိုင်းအတာတစ်ခုအထိ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂
ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နှင့်
မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း
အေးချမ်း တည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
စာသင်ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့်ကာလနှင့်
လက်ရှိသင်ကြားနေသည့် ကာလတွင် မိမိတစ်ပါတီ ကောင်းစားရေးကိုသာရှေးရှု၍ နိုင်ငံရေး အမြတ်ထုတ်လိုသူများ၊
နိုင်ငံရေး အစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူများ၊ NUG၊
CRPH နှင့် PDF စသည့် အဖွဲ့များသည် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန်
Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများအပြင်
ကလေးငယ်များ ပညာသင်ကြား ရေးကို အခက်အခဲဖြစ်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊
လက်လုပ်ဗုံး များဖြင့် ဖောက်ခွဲဖျက်ဆီး ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းများအပြင် ဆရာ၊
ဆရာမများကို စာပေသင်ကြားမှုမပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ
လုပ်ဆောင်လျက် ရှိသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများသာမက အချို့အသက်သေဆုံးသည်အထိ
စိတ်မချမ်းမြေ့ ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအတွက်
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိသားစု များနှင့်ထပ်တူ အထူးဝမ်းနည်း
ကြေကွဲရပါသည်။
မကောင်းမှု၊ မတရားမှုတို့ကို ပြုလုပ်ရမည့်အပေါ် ရှက်ခြင်း၊ ကြောက်ခြင်းဟူသော
ဟီရိ၊ ဩတ္တပ္ပတရားတို့အပေါ်၌ သာမန်လူတို့ထက်ပိုမိုသိရှိစောင့်ထိန်းတတ်သည့် ဆရာ၊ ဆရာမတို့
အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ၊ အကြပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံတို့ကြားမှ
အနန္တောအနန္တဂိုဏ်းဝင် ဆရာဟူသည့် မွန်မြတ်လှသည့် ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သည့်
စိတ်ထား များဖြင့် နိုင်ငံ့အတွက် ပညာတတ် လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရေး ရှေးရှု၍
သင်ကြားရေးတာဝန် များကို မလစ်ဟင်းရအောင် အားကြိုးမာန်တက် ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရသဖြင့်
တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်
လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
နိုင်ငံ့အနာဂတ် ရင်သွေးငယ်များ၏ စာပေပညာ တတ်မြောက်ရေး၊ ပညာရည်
မြင့်မားရေးအတွက် အခက်အခဲမျိုးစုံကြားမှ သင်ကြားရေးတာဝန်များကို ကြိုးပမ်း ထမ်းဆောင်လျက်ရှိသည့်
ဆရာ၊ ဆရာမများ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အထူးကြပ်မတ်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘ ပြည်သူများအနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊
ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေး သတိထားကာ
လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
No comments:
Post a Comment