Monday, November 8, 2021

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ အသစ်ခန့်အပ်သည့် နည်းပြ သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၈

မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်တို့၌ နည်းပြ သရုပ်ပြ ဆရာ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် အဆိုပါ တက္ကသိုလ်များရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် ပညာရေးအဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန်၊ ဆရာဆရာမများ အရည်အ‌သွေး မြှင့်တင်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတော်တွင် ပညာတတ်များပေါများအောင် ဆောင်ရွက်ရန် အမြဲလမ်းညွှန်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အသစ်ခန့်အပ် ခံရသည့် ဆရာ ဆရာမများကို စီမံခန့်ခွဲရေးသင်တန်း၊ သင်ပြနည်းအပါအဝင် ပညာရေး ဘာသာရပ် သုံးဘာသာ မွမ်းမံ သင်တန်းနှင့်သက်ဆိုင်ရာ ဘာသာရပ်မွမ်းမံသင်တန်းများကို တစ်လကြာဖွင့်လှစ်ကာ ဆရာဆရာမ သစ်လွင်များကို အရည်အသွေးမြှင့်တင်ပေးလျက် ရှိပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် ကျောင်းသားကျောင်းသူများကို သက်ဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးရုံသာမက  ကျောင်းသား ကျောင်းသူများကလည်း မင်္ဂလာတရား၊ ဂါရဝတရားနှင့်အညီ ပြောဆိုဆက်ဆံတတ်ရေး မြန်မာ့ ယဉ်ကျေးမှုအစဉ်လာများ ဆက်လက် ထိမ်းသိမ်း‌စေရေးအတွက်လည်း အလေးထားဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ လူတိုင်း စည်းကမ်းလိုက်နာမှ တိုးတက်မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ စည်းကမ်းကောင်းမွန်အောင် လေ့ကျင့်ပေးစေလိုပါကြောင်း။

ဆရာများသည် ထာဝရ ဆရာများဖြစ်သကဲ့သို့ ထာဝရစေတနာ့ ဝန်ထမ်းများလည်းဖြစ်သဖြင့် မိမိတို့ ထက် အသိပညာ အတတ်ပညာ အတွေ့အကြုံ ပိုမိုရင့်ကျက်‌သော ဆရာကြီး ဆရာမကြီး များအ‌ပေါ် ဂါရဝတရားရှေ့ထား၍ လေးစားစွာ ပြုမူဆက်ဆံကြရမည်ဖြစ်ပါကြောင်း၊ ဆရာများ အနေဖြင့် မိမိကိုယ်ကို ထာဝရကျောင်းသားကြီးများအဖြစ်ခံယူ၍ အမြဲမပြတ် သင်ယူဆည်းပူး လေ့လာနေရမည် ဖြစ်ပါကြောင်း၊ ဆရာများကိုယ်တိုင် စံပြ ထူးချွန်ထက်မြက်နေမှသာ တပည့်များကိုလည်း ထူးချွန် ထက်မြက်အောင် ပြုစုပျိုးထောင် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းအချိန်ကာလ တိုတောင်း သော်လည်း အခွင့်အရေးကိုရယူအသုံးချလျက် မိမိ၏အရည်အသွေးကို မြှင့်တင်ကြရမည် ဖြစ်ပါကြောင်း။

ဆရာသည် စာများများ ဖတ်ရန်လိုအပ်ပြီး စာကြည့်တိုက်၊ အင်တာနက် စသည်များတွင် မိမိတို့ကိုယ်တိုင် လေ့လာပြီးတပည့်များကိုလည်း သင်ကြား‌လေ့ကျင့် ပေးစေလိုပါကြောင်း၊ မိမိတို့ တပည့်များအား တစ်ချိန်တွင်မိမိတို့ နေရာ၌ လက်ဆင့်ကမ်း ပေးခဲ့ကြရမည်ဖြစ်၍ ယခုကတည်းက အရည်အသွေးရှိအောင် သင်ကြားပေးကြစေလိုပါကြောင်း၊ လူငယ်များကို ရိုးသားကြိုးစားပြီး လောကကို အလှဆင်နိုင်သူများဖြစ်အောင် ပျိုးထောင်ပေး‌စေလိုပါကြောင်း၊ မည်သည့် ခွဲခြားမှုမျှ မရှိစေဘဲ သင်ယူမှုအခွင့်အလမ်း တပြေးညီရရှိအောင် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ လူတိုင်းတွင် အရည်အချင်းတစ်ခုစီရှိ၍ တန်ဖိုးရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် နေကြသည့် ပညာရေးမိသားစုများအနေဖြင့် အကြီးနှင့် အငယ် ဆရာနှင့်တပည့် စသည်ဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အပြန်အလှန်လေးစား တန်ဖိုးထားဆက်ဆံကြ၍ ပညာရေး လုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ‌ ဆောင်ရွက် ကြစေလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာဆရာမများအ‌နေဖြင့် ကျောင်းသား ကျောင်းသူ များကို စာတတ်အောင်သင်ကြားပေးနိုင်သည့် စာသင်ကောင်းသော ဆရာဆရာမများ ဖြစ်လာစေရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပါမောက္ခချုပ်များက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် မိတ္ထီခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက နည်းပြ သရုပ်ပြ ဆရာဆရာမ သစ်လွင်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်‌ငွေများကို ထောက်ပံ့ပေးအပ်ရာ ဝိဇ္ဇာသိပ္ပံဘာသာရပ် ကိုယ်စားလှယ် ကျောင်းသား ကျောင်းသူများက လက်ခံရယူသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း (ရှမ်းတဲ) သို့သွားရောက်၍ ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်များ၊ သိပ္ပံလက်‌တွေ့ခန်း၊ စာကြည့်တိုက်၊ ဆရာနားနေဆောင်၊ ရေသန့်စက် စသည်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်မှ ပါ‌မောက္ခ၊ တွဲဖက်ပါမောက္ခ များနှင့် မကြာခင်က ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များ ပြန်ဖွင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့် ပညာတတ် လူငယ်များ ပြုစု ပျိုးထောင်မွေးထုတ်ပေးကြရန် မှာကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိလိုသည်များမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက် ကြည့်ရှု၍ အဆောက်အအုံများ မွမ်းမံတည်ဆောက်ရေးနှင့် လိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အသစ်ခန့်အပ်သည့် နည်းပြ သရုပ်ပြ ဆရာဆရာမသစ်လွင်များ မွမ်းမံသင်တန်းကို ယနေ့မှစ၍ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment