Tuesday, October 5, 2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် COVID-19 Destination Recovery Insights Exchange- Session 3 ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် အောက်တိုဘာ ၅

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးစဉ်ဒေသများ ပြန်လည် စတင်နိုင်ရန်အတွက် ရည်ရွယ်၍ ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအဖွဲ့ (PATA) နှင့် ကမ္ဘာ့ ဘဏ် (World Bank) တို့မှ ကြီးမှူးပြီး COVID-19 Destination Recovery Insights Exchange- Session 3 ဆွေးနွေးပွဲသို့ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင် တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် Ms. Liz Ortiguera နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Tourism specialist Ms.Jessie McComb က အဖွင့်အမှာစကား ပြောကြား သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ Guam Visitors Bureau နှင့် Macao Government Tourism Office တို့မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး စီမံဆောင်ရွက်ချက် များကို ဆွေးနွေ ပြောကြားသည်။

ဆက်လက်၍ Round Table Discussion တွင် ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက် သင့်သည့် အချက်များဖြစ်သော ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများ၊ ဒေသခံပြည်သူများ အကြား ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတ ပြန့်ပွားရေးကိစ္စ၊ ကာကွယ်ဆေး အပြည့်အဝထိုးနှံရေးကိစ္စ၊ Digital နည်းပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရေးကိစ္စ၊ မိမိတို့၏ ခရီးစဉ်ဒေသများကို COVID Safe  Destination  အဖြစ်  မြှင့်တင်ဆွဲဆောင်နိုင်ရေးကိစ္စ၊ ပြည်ဝင်ခွင့် ဗီဇာ (Visa) ဆိုင်ရာ ကိစ္စရပ် များ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့ (PATA) ကို ၁၉၅၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာရှနှင့်ပစိဖိတ်ဒေသရှိ ခရီးစဉ်ဒေသများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး အစိုးရ၊ ပုဂ္ဂလိက၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများမှ အသင်းအဖွဲ့များနှင့် ပညာရေးအဖွဲ့အစည်းများစသည်တို့မှ အဖွဲ့ဝင် (၅၀၀) ကျော် ပါရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအဖွဲ့မှ စီစဉ်ပြုလုပ်သည့်ခရီးသွားပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်း များသို့ ပါဝင် တက်ရောက်ခဲ့သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများကို Online မှတစ်ဆင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment