Tuesday, October 5, 2021

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က ဖတ်ကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေထံမှ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုအမှာစကားကို ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ဖတ်ကြားရာတွင် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဆရာများကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုသည့် ကမ္ဘာ့ ဆရာများနေ့ ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အရေးကြီးဆုံး၊ တာဝန်အကြီးမားဆုံးနှင့် အသိမ်မွေ့ဆုံးသော လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြရသူများသည် ကမ္ဘာ့ဆရာများပင် ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းငြိမ်းချမ်း သာယာစေရန် ကမ္ဘာသူ ကမ္ဘာသား ကောင်းများကို မွေးထုတ်ပေးနေကြ သူများသည်လည်း ကမ္ဘာ့ဆရာ များပင် ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုးမှုအပေါ်တွင် များစွာ တည်မှီနေ ပါကြောင်း၊ ခေတ်အဆက်ဆက် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာ ဆန်းစစ်ကြည့်မည် ဆိုပါက အဆိုပါနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပညာရေးဖွံ့ဖြိုး တိုးတက်မှုက အဆုံးအဖြတ်ပေးခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ အရည်အသွေး မြင့်မားသည့် တိုင်းပြည်သည် နိုင်ငံကြီးခြင်းငယ်ခြင်း၊ သယံဇာတကြွယ်ဝခြင်း မကြွယ်ဝခြင်းထက် အဆိုပါနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် အရည်အသွေးအပေါ် မူတည်ပြီး ဖွံ့ဖြိုးကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အပြန်အလှန်အနေဖြင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည် အရည်အသွေးမြင့်မားသည့် ပညာရေးကို ပိုမိုဖြည့်ဆည်း ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသည့် ပညာရေးကဏ္ဍကို အဓိကမောင်းနှင်ပေးနေသည့် အင်အားစုမှာ ပညာရေးတာဝန်ကို ထမ်းဆောင်နေကြသည့် ဆရာများ ပင်ဖြစ်ပါကြောင်း။

ဆရာများသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးရုံသာမက ကမ္ဘာတစ်ဝန်းတွင်ဖြစ်စေ နိုင်ငံတစ်နိုင်ငံတွင်ဖြစ်စေ ကပ်ဘေးဒုက္ခများ၊ အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ ရသည့်အခါတွင်လည်း အသိပညာ ဖြန့်ဝေပူးပေါင်းဆောင်ရွက်ပြီး ဘေးဒုက္ခ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ဦးဆောင်ဦးရွက်ပြုကြသူများ ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် အခက်အခဲအကျပ်အတည်းများနှင့် ကပ်ရောဂါဘေးအလွန် ကာလတွင်ပြန်လည် တည်ဆောက်ကြရမည့် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးကြမည့်သူများ ဖြစ်ပါကြောင်း။

နိုင်ငံတော်၏အနာဂတ်ကို ပုံဖော်တည်ဆောက်ကြမည့်ဆရာများသည် အရည်အသွေး ပြည့်ဝပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာနေရန်လိုသလို တစ်ဖက်ကလည်း ဆရာများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်ဘဝ သာယာလှပနေရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာများ အရည်အသွေး မြင့်မားတိုးတက်ရေးအစီအစဉ်၊ ဆရာခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေးအစီအစဉ် စသည်များကိုစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့်လည်း ဆရာများလိုအပ်ချက်ကို အဘက်ဘက်က ပံ့ပိုးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာများကလည်း ကိုဗစ်-၁၉ အလွန်ကာလ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင် ပေးကြရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ဖတ်ကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာကို မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင် က ဖတ်ကြားသည်။

ယင်းနောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန် ဆရာများ ၏ ဆောင်ရွက်မှုမှတ်တမ်းအကျဉ်းချုပ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ဖတ်ကြားတင်ပြသည်။

ယနေ့ကျင်းပသည့် အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများ၊ ထူးချွန်ဆရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာကြီး၊ ဆရာမကြီး (၄) ဦးနှင့် ထူးချွန်ဆုရ ဆရာ (၂) ဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment