အုတ်ဖို အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်ပင်ကန်ကျေးရွာတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အသက်(၁၀၈)နှစ်ပြည့် အဖွား ဒေါ်ထွေးအား ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်ဖိုမြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သရက်ပင်ကန်ကျေးရွာတွင် နေထိုင်လျက်ရှိသည့် အသက်(၁၀၈)နှစ်ပြည့်ပြီဖြစ်သော်လည်း ကျန်းမာစွာ ရှိနေသည့် အဖွားဒေါ်ထွေးအား ထောက်ပံ့ငွေ (၅)သိန်းကျပ်နှင့် ကန်တော့ခြင်း (၁)ခြင်းတို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး ယခုလမှ စတင်ကာ တိုင်းဒေသကြီး အစီအစဉ်ဖြင့် လစဉ် ၁သိန်းခွဲကျပ်ကိုလည်း ထောက်ပံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဂုံညင်းတန်းတာဆုံမှ အိုးသည်ကုန်းမြို့အဝင်လမ်း ပေ(၄၃၀၀)ကိုလည်း ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းကျေးရွာအုပ်စု၊ လင်းလွန်းပင်ကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပပြုလုပ်သည့် ဆောင်သီးနှံနေကြာသီးညှပ် စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲသို့ တက်ရောက်ကာ ဒေသခံတောင်သူ (၃၅)ဦးအား လယ်(၁)ဧကလျှင်(၂)ပြည်နှုန်းဖြင့် ဧက(၂၀၀)အတွက် နေကြာမျိုးစေ့(၄၀၀)ပြည် အား ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)
No comments:
Post a Comment