နေပြည်တော်၊ အောက်တိုဘာ ၃
ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက် တစ်ခု ဖြစ်သည့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားများ၊ အလယ်အလတ်အဆင့်နှင့် ဘာသာရပ် အထူးပြု ပညာရှင်များ ပိုမိုမွေးထုတ်နိုင်ရေး၊ သုတေသနဖွံ့ဖြိုးရေး လုပ်ငန်း များ တိုးတက်အောင် ဆောင်ရွက်နိုင်ရေးကို အလေးထား ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ ဖွင့်လှစ်နိုင် ရေးနှင့် ဒေသခံပြည်သူများ စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းများတွင် ပိုမို တက်ရောက် နိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အောင်ပန်း စိုက်ပျိုးရေး သုတေသနခြံ ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံစဉ် ဆွေးနွေး ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်း စိုက်ပျိုးရေးသုတေသနခြံ က သုတေသနပြု ထုတ်လုပ်ထားသော အစေ့ထုတ်ပြောင်း၊ ပဲပုပ် နှင့် ဆီထွက် သီးနှံ မျိုးစေ့ နမူနာများကို ကြည့်ရှုစစ်ဆေးပြီး ဒေသရေမြေနှင့် ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်သည့် သီးနှံအမယ်သစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ကို အခြေ ခံသည့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် ဆွေးနွေး မှာကြားရာတွင် ရှမ်းပြည်နယ်၏ အထင်ကရဒေသတစ်ခုဖြစ်သော အင်းလေး ကန်ဒေသ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အင်းလေး ကန်အတွင်း သံနုန်းများပို့ချမှုကို ကာကွယ်ရန်အတွက် နုန်းထိန်းတာတမံများ တည်ဆောက်ထိန်းသိမ်း ရေး၊ ရေမှော်များ၊ ဗေဒါနှင့် ကျွန်းမျောဟောင်းများရှင်းလင်းရေး လုပ်ငန်းများအပါအဝင် နှစ်စဉ် ဆယ်ယူလျက်ရှိသည့် နုန်းများကို စိုက်ပျိုးရေးလုပ်ငန်းတွင် ပြန်လည်အသုံး ပြုနိုင်ရေး၊ ရှင်းလင်းဖယ်ရှားထားသည့် ရေမှော်များ၊ ဗေဒါနှင့် ဒိုက်များကို စိုက်ပျိုးရေး ဦးစီးဌာနက သဘာဝမြေဩဇာ ပြုလုပ်အသုံးချရေး၊ ကျွန်းမျောစိုက်ခင်း များပေါ်တွင် အောင်မြင်စွာ ဆောင်ရွက် လျက်ရှိသည့် ကောင်းမွန်သော စိုက်ပျိုးရေး ကျင့်စဉ်(GAP) စနစ်နှင့်အညီ ခရမ်းချဉ်သီးနှင့် ဟင်းသီးဟင်းရွက်များ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းကို သက်ဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ရေး ဆွေးနွေးသည်။
အလားတူ ဒေသငါးမျိုးဖြစ်သည့် ငါးဖိန်းငါးမျိုးများ ရွေးချယ်ထိန်းသိမ်းရေးနှင့် သားဖောက် မွေးမြူရေး ၊ မွေးမြူရေး တိရစ္ဆာန် အစားအစာများ ကို လွှတ်ကျောင်းစနစ်မှ စိုက်ပျိုး ကျွေးမွေးသည့် စနစ်သို့ပြောင်းလဲရေး၊ အာလူး ပြောင်း ပဲမျိုးစုံနှင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ စက်ကိရိယာများသုံး တွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုး မွေးမြူရေးဆိုင်ရာ နည်းပညာ အသိပညာများ တိုးတက်ဖြန့်ဝေ ပေးရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဆီထွက်သီးနှံ နှင့် ကော်ဖီသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ ကို စိုက်ပျိုးမြေများ စနစ်တကျ အသုံးပြုနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment