ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၇၀ ဦး၊ စုစုပေါင်း ၁၉၅ ဦးနှင့် လောက်ကိုင်မြို့၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို အသီးသီးလက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုး တွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများ နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment