Monday, October 18, 2021

သဘာဝဘေးလျှော့ချရေး ပူးပေါင်းဆောင်ရွက်

ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်ခံစား နေကြ ရသည်။ မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့နေရသည်။ ယမန်နှစ် အထိ နှစ်စဉ်ရေကြီးရေလျှံမှု၊ မြေပြိုမှ၊ မိုးကြိုး မုန်တိုင်း၊ လေပြင်းဒဏ်များကို ကြုံတွေ့ ခဲ့ရသည်။ ယခုနှစ်တွင် ယခင်နှစ်များထက်စာလျှင် မြန်မာနိုင်ငံ၌ အနည်းဆုံးကြုံတွေ့ရသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ်က တွေ့ကြုံခံစားခဲ့ရသည့် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုသမိုင်းကြောင်းတွင် အဖျက်စွမ်းအားအကြီးမားဆုံးနှင့် ၁၉၉၁ ခုနှစ် နောက်ပိုင်း၌ အာရှဒေသ တစ်ခုလုံးတွင် အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ထားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ပြောင်းလဲမှု၏ ပထမဆုံး၊ အထင်ရှားဆုံးသာဓကတစ်ခု ဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အထူးသတိထားရမည့် အန္တရာယ်တစ်ခုမှာ အင်အားပြင်းသောငလျင်ပေါ်ပေါက်လာမည်ကို အထူးသတိပြုရမည်ဖြစ်သည်။ ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးသည်လည်း သဘာဝဘေးတစ်မျိုးဖြစ်သည်။

“မိမိတို့အနေဖြင့် လက်ရှိကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကပ်ရောဂါဘေးများ၊ သဘာဝဘေးများ၊ လူသားများ၏လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ စသည့်ဘေးအမျိုးမျိုး၏ ထိခိုက်နိုင်မှုများကို လျှော့ချဆောင်ရွက်ရာတွင် ရရှိနိုင်မည့် ပြည်တွင်း ပြည်ပ ကူညီထောက်ပံ့မှုများကို အကျိုးရှိထိရောက်စွာ အသုံးပြု ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိဌာန၊ အဖွဲ့အစည်းများအနေဖြင့် အထူးအလေးထားဂရုပြု ဆောင်ရွက်ကြရန် လိုကြောင်း” အောက်တိုဘာ ၁၃ ရက်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြား သည်။

ယခုအခါ ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါး သက်သာရေး လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများအားလုံး ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။ သို့သော် ဘေးအန္တရာယ် များကြောင့် ထိခိုက်မှုများမှာ သိသာစွာ လျော့ကျသွားခြင်းမရှိသဖြင့် ၁၉၉၄ ခုနှစ်တွင် ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ပထမအကြိမ် ကမ္ဘာ့ညီလာခံကိုကျင်းပပြီး ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လျော့ပါးရေးတို့နှင့် ပတ်သက်သည့် ယိုကိုဟားမား မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ် ကမ္ဘာ့ညီလာခံကို ဂျပန်နိုင်ငံ ယိုဂိုမြို့တွင်ကျင်းပခဲ့ပြီး “ယိုဂိုမူဘောင်ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် တတိယအကြိမ် ကမ္ဘာ့ညီလာခံက ဆန်ဒိုင်းမူဘောင်ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ယိုဂိုမူဘောင်နှင့် ဆန်ဒိုင်းမူဘောင်ပါ လုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံ၏ ရေမြေ သဘာဝနှင့် တည်ရှိနေသော အနေအထားများအရ ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များကို ရှိသည့်အရင်းအမြစ်များနှင့် လိုက်လျောညီထွေသော လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး နေ့ကို နှစ်စဉ်ကျင်းပခဲ့သည်။ ကမ္ဘာမြေ ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများသည် တစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းဖြင့် ဆောင်ရွက်၍ ရသည့်လုပ်ငန်းမဟုတ်ဘဲ နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းက နယ်ပယ်အလိုက်၊ လုပ်ငန်းအလိုက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမှသာ ကမ္ဘာလုံးအတိုင်းအတာ၊ နိုင်ငံတစ်နိုင်ငံချင်း အတိုင်းအတာ အလိုက် မျှော်မှန်းချက်များ ပေါက်ရောက် အောင်မြင်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် ဆက်စပ်ပတ်သက်နိုင်သည့် ဘေးအန္တရာယ် အမျိုးမျိုး တို့တွင် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ချမှတ်ထားသည့် မူဘောင်များအတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားသောစိတ်ထားဖြင့် မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို သိရှိနားလည်လိမ့်မည်ဟု ယုံကြည်သည်။ သက်ရှိ၊ သက်မဲ့များအား ဘေးအန္တရာယ်များ၏ ထိခိုက်မှုမှ လျော့နည်းသက်သာစေရန်အတွက် အားလုံးအတူပူးပေါင်း ဆောင်ရွက်ကြရန်၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ပိုမိုနားလည်စာနာကြရန် လိုအပ်မည် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဘေးအန္တရာယ် လျှော့ချရေးကို ကြိုးပမ်းနေကြရာ အပြန်အလှန်ချိတ်ဆက်မှုများ ခိုင်မာအားကောင်းလာပါက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်း ယန္တရား စဉ်ဆက်မပြတ် လည်ပတ်နိုင်ပြီး မျှော်မှန်းထားသည့်ရည်မှန်းချက်သို့ ရောက်ရှိလာမည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သော မြန်မာနိုင်ငံဖြစ်စေရေး အားလုံးအတူ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။ ။

ကြေးမုံ အယ်ဒီတာ့အာဘော်

No comments:

Post a Comment