နေပြည်တော် အောက်တိုဘာ ၁၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့ရှိ Namu International ကုမ္ပဏီလီမိတက်သို့ သွားရောက်၍ အင်းလေးကန်၌ အလေ့ကျပေါက်ရောက်နေသော ပိန်းပင်များကို အဆင့်(၉) ဆင့်ဖြင့် သန့်စင်ကာ ပိန်းရိုးအခြောက်များအဖြစ် ပြင်ဆင်ထုပ်ပိုးပြီး ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည့် အခြေအနေများကို လေ့လာကြည့်ရှုသည်။
အဆိုပါ ပိန်းရိုးအခြောက်များကို (bibigo) စွတ်ပြုတ်ကဲ့သို့ ကိုရီးယား အစားအသောက်များတွင် ထည့်သွင်းအသုံးပြုခြင်းဖြစ်ကြောင်းနှင့် တစ်လလျှင် ပျမ်းမျှ (၈) တန်ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စုရှိ ခရီးသွားရွာ အဖြစ် ဖော်ဆောင်လျက်ရှိသော ပန်လွန်ကျေးရွာသို့ ရောက်ရှိပြီး ခရီးသွားစီမံကိန်းမန်နေဂျာက ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ခရီးသွားရွာ(၁၀)ရွာ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် ပန်လွန်ကျေးရွာကို ခရီးသွားရွာဖော်ဆောင်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို တင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အစီအမံများချမှတ်ရာတွင် ဦးစားပေးအဆင့် သတ်မှတ် လုပ်ဆောင်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင် နိုင်ရန် ပြင်ဆင်ထားရှိမှု၊ ကြိုဆိုရေးစင်တာ၊ အများသုံးသန့်စင်ခန်းနှင့် လှေဆိပ် တည်ဆောက် ထားရှိမှုများကို ကြည့််ရှုသည်။ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီး မြို့၊ ကက္ကူကျေးရွာအုပ်စု၊ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ကာ ဘုရားဖူးလာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ တောင်ကြီးမြို့ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (တောင်ကြီးဇုန်) နှင့် ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တောင်ကြီးမြို့သည် တောတောင်သဘာဝ အလှအပများ ဖြင့် သာယာလှပနေသော တောင်ပေါ်မြို့ဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းကြောင့် ခရီးစဉ်ဒေသရှိ ဒေသခံ လူထုအားလုံး အကျိုးခံစားရရှိနိုင်သည့်အတွက် လူမှုအသိုက်အဝန်း အားလုံး ပါဝင်သော ခရီးသွား လုပ်ငန်း (Community Involvement Tourism-CIT) မှာ အရေးကြီးပါကြောင်း၊ ခရီးသွား ဧည့်သည် များကို ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းအတွက် ဒေသခံပြည်သူများလည်း အကျိုးကျေးဇူး ခံစားရရှိပါကြောင်း၊ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် သန့်ရှင်းသပ်ရပ်မှုနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ် များကို အထူးအလေးထားထည့်သွင်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းပြောကြားပြီး ခရီးသွား မြို့တော် ဖော်ဆောင်ရာတွင် နိုင်ငံတကာနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့က ရေးဆွဲပြဌာန်း ထားသည့် လိုက်နာလုပ်ဆောင်သင့်သောအချက်များ၊ ထောက်ခံအကြံပြုချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment