Sunday, October 17, 2021

ဗလမင်းထင်တံတား အမှတ်(၂) ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

 
နေပြည်တော်၊ အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူတည် ဆောက်မည့် ဗလမင်းထင်တံတား အမှတ်(၂) ပန္နက်တော်တင် မင်္ဂလာအခမ်း အနားကို ယနေ့ နံနက်၁၁ နာရီခွဲ တွင် မြစ်ကြီးနားမြို့ စီတာပူဘက်ကမ်းရှိ တံတားတည်ဆောက် ရေး စီမံကိန်းဧရိယာအတွင်း၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။

ဦးစွာ ဧရာဝတီမြစ်ကူး(ဗလမင်းထင်)တံတားအမှတ်(၂)ကို ပန္နက်တော်များ ရိုက်သွင်း၍ ပန္နက်တော် မင်္ဂလာ တင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဗလမင်းထင်တံတားအမှတ်(၂) M2-M3 ပိုင်တိုင်အမှတ်(၁)ကို စက်ခလုပ်နှိပ်၍ (Vibro Hammer) ရိုက်သွင်း ပေးပြီး Stand Pipe အား အမွှေးနံ့သာ ရည်များပက်ဖျန်းကြသည်။

 အဆိုပါ ဧရာဝတီမြစ်ကူး(ဗလမင်းထင်)တံတား အမှတ်(၂)သည် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှု လမ်းကြောင်း (ကန်ပိုက်တီနယ်စပ်ကုန်သွယ်မှုလမ်းကြောင်း)ပေါ်တွင် တည်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၁)၊ တံတားအထူး အဖွဲ့(၁)မှ တည်ဆောက်ကာ စုစုပေါင်းတံတား အရှည် ၃၂၁၂ ဒသမ ၀၉၉ ပေ(၉၇၉ မီတာ)ရှိသည်။

တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ရေလည်တိုင် နှင့် သံကူကွန်ကရစ်ကမ်းကပ်ခုံဖြစ်ပြီး ယာဉ်သွားလမ်း အကျယ် ၂၇ ပေ ၁၀ လက်မ(၈ ဒသမ ၅ မီတာ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၄ လက်(၁ မီတာ)၊ ရေလမ်းကင်း လွတ်အကျယ် ၃၅၀ ပေ၊ ရေလမ်းကင်း လွတ်အမြင့် ၂၆ ပေ ၃ လက်မ(၈ မီတာ)ရှိရာ အဆိုပါတံတားတည်ဆောက်ပြီးပါက ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးနှင့် နယ်စပ် ကုန်သွယ်စီးဆင်းမှုကို ပိုမိုထိရောက်ကောင်းမွန် စေမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



No comments:

Post a Comment