Monday, September 27, 2021

အောင်မြေသာစံမြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက်ရုံ (Oxygen plant) ဖွင့်ပွဲကျင်းပ

 မန္တလေး စက်တင်ဘာ ၂၇

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပြည်သူများအတွက် အောက်စီဂျင်လိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ ကူညီဖြည့်ဆီးပေးနိုင်ရန်အတွက် အောက်ဆီဂျင်ထုတ်စက်ရုံ (Oxygen plant) ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂ လမ်း၊ ၈၆ လမ်းနှင့် ၈၇လမ်းကြား၊ ဓာတ်ပေါင်းစု လူမှုကူညီရေးအသင်းရုံး၏ အရှေ့ဘက်တွင် အဆိုပါ စက်ရုံတည်ရှိရာနေရာ၌ ကျင်းပသည်။

အောက်ဆီဂျင်ထုတ် စက်ရုံဖွင့်ပွဲတွင် ဂူကြီးတိုက်သစ်ကျောင်း ဆရာတော်ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရား တော်များကို ရွတ်ဖတ်ပူဇော် ကြရာ တက်ရောက်လာသူများက နာယူကြည်ညိုကြသည်။

ထို့နောက် ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်တင့်နှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူ မြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရာ လှူဒါန်းမှုအစုစုအတွက် ဆရာတော် ဘဒ္ဒန္တကေသရ ထံမှ ရေစက်ချတရားနာယူကြပြီး အမျှပေးဝေကြကာ သံဃာတော်အရှင်သူမြတ်များနှင့် တာဝန်ရှိ သူများက အောက်ဆီဂျင်ထုတ်စက် (Oxygen plant) အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးကြသည်။

အောက်ဆီဂျင်ထုတ်စက်ရုံဖွင့်ပွဲသို့ ဂူကြီးတိုက်သစ်ကျောင်း ဆရာတော် ဘဒ္ဒန္တကေသရပါ ပင့်သံဃာ (၅)ပါး၊ ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်တင့်၊ ဒုဥက္ကဋ္ဌ ဦးအောင်သန်း၊ အတွင်းရေးမှူး ဦးဖြိုးဝေနှင့် အသင်းဝင်များ၊ မြို့နယ်အတွင်းရှိ မိတ်ဖက်ညီနောင် လူမှုကူညီရေးအသင်းများမှ ဥက္ကဋ္ဌများ စုစုပေါင်း(၂၅)ဦးခန့် တက်ရောက်ကြသည်။

အဆိုပါ အောက်စီဂျင်စက်ရုံမှ တစ်နေ့လျှင် အောက်ဆီဂျင် (၄၀) လီတာအိုး အလုံး(၅၀) ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)

No comments:

Post a Comment