Saturday, September 25, 2021

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာ၌ ကိုဗစ်-၁၉ တွေ့ရှိသဖြင့် Lock Down ချထားသည့် အိမ်ထောင်စု (၄၉)စု အတွက် ဆန်နှင့် စားရိက္ခာများ ထောက်ပံ့ပေးအပ်


တနင်္သာရီ စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု-ပဝရွာမ၊ ပဝချောင်းထဲရွာနှင့် ပဝကျွန်းရှည်ရွာအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုတွေ့ရှိသည့် ဒေသခံ(၈၃)ဦးတို့နှင့် အနီးကပ်ထိစပ်သော မိသားစုဝင်များအား ရောဂါပိုးကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရေးအတွက် အိမ်ထောင်စု(၄၉)စုအား စက်တင်ဘာလ(၂၂)ရက်နေ့မှစ၍ (၁၄)ရက်အကြာ အသွားအလာ ကန့်သတ်ပြီး Lock Down ချထားစဉ်ကာလအတွင်း အစားသောက် အဆင်ပြေစေရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် တာဝန်ရှိသူများက ဆန်နှင့်စားရိက္ခာများကို အရှေ့မော်တုန်းကျေးရွာ ပြည်တော်သာရေဆိပ်နေရာ၌ ပဝကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးနှင့် ပရဟိတအဖွဲ့များထံ လွှဲပြောင်းပေးအပ်ကြောင်း သိရှိရသည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် Lock Down ချထားသော အိမ်ထောင်စုတစ်စုအတွက် (၆)ပြည်ဝင် ဆန်တစ်အိတ်၊ ဆီတစ်လီတာဗူး (၁)ဗူး၊ ဆား (၁)ပိဿာ၊ ကြက်သွန်နီ (၁)ပိဿာနှင့် ကြက်ဥ (၁၀)လုံးစီ၊ တန်ဖိုးငွေ (၁၁,၆၀၀)ကျပ်နှုန်း ဖြစ်၍အိမ်ထောင်စု (၄၉)စုအတွက် စုစုပေါင်း တန်ဖိုးငွေ (၅၆၈,၄၀၀)ကျပ် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

လွှဲပြောင်းပေးအပ်သော ဆန်နှင့် စားရိက္ခာထောက်ပံ့ပစ္စည်းများကို ပဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပဝကျေးရွာ ပီတိကုသိုလ်နာရေးကူညီမှု အသင်းနှင့် ပရဟိတအဖွဲ့များက Lock Down ချထားသည့် နေအိမ်များသို့ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း


No comments:

Post a Comment