နေပြည်တော် စက်တင်ဘာ ၂၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးသော နိုင်ငံခြားငွေဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းခဲ့ သည့် စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း၏ စိစစ်ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ရောင်းချပေးခဲ့မှု၊ ဗဟိုဘဏ်မှ ရောင်းချပေးခဲ့သည့်ပမာဏကို အခြေခံ၍ အသင်းအနေဖြင့် စက်သုံးဆီဖြန့်ဖြူး ရောင်းချ ရာတွင် ပြည်သူများသို့ သက်သာသည့် ဈေးနှုန်းဖြင့်ရောင်း ချပေးနိုင်မည့် အစီအစဉ်များ ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ရေးတို့အတွက် တက်ရောက်သူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အစည်းအဝေး တက်ရောက်လာသူများက စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးနှင့် ပိုမို စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဘက် အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူး ရေးအသင်းအတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment