မြိတ် စက်တင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွတ်လွတ်ကျေးရွာအနီး မြိတ်-ပုလော ကားလမ်းမ လမ်းပခုံးမြေများ ယနေ့ နေ့လယ်ပိုင်းက ပြိုကျပျက်စီးခဲ့ရာ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လမ်းပျက်စီးမှုမရှိစေရေးအတွက် လမ်းဦးစီးဌာနမှ အမြန်ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ လမ်းအခြေအနေက လမ်းပခုံးမြေသား အရှည်(၁၅၀)ပေ ပြတ်ကျမှုဖြစ်သွားတယ်။ ယာဉ်အသွား အလာတော့ ပြတ်တောက်မှုမရှိပါဘူး။ ပြတ်ကျသွားတဲ့ လမ်းပခုံးနေရာကို အမြန်ပြုပြင် ဆောင်ရွက် လျက်ရှိပါတယ်။ ပျက်စီးခဲ့တဲ့နေရာ ပတ်ဝန်းကျင်တွင် ပြည်သူတွေ ယာဉ်အန္တရာယ် မဖြစ်စေရေး အတွက် ယာဉ်သွားလာမှုကို ထိန်း ကြောင်းထားရှိပါတယ်” ဟု မြိတ်ခရိုင် လမ်းဦး စီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုကျော်က ပြောသည်။
ပြိုကျပျက်စီးသွားသည့် လမ်းပခုံးမြေနေရာများ၌လမ်းဦးစီးဌာနမှ ကတ္တရာပီပါခွံများဖြင့် ယာယီ မြေကာနံရံပြုလုပ်၍ လမ်းပခုံး ပျက်စီးမှုကို ပြုပြင်ကာ အသွားအသွာ ပြတ်တောက်မှုမရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိသည်။ မြိတ်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ပြီး မိုးရေချိန်လက်မ (၃.၃၉)လက်မ ရွာခဲ့ကြောင်း၊ မိုးရွာသွန်းမှုကြောင့် လမ်းပခုံးမြေသား ပေ(၁၅၀) ပြတ်ကျပျက်စီးသွားပြီး ကတ္တရာ လမ်းများ ပျက်စီးမှုမရှိကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် )


No comments:
Post a Comment