နေပြည်တော် စက်တင်ဘာ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အနေဖြင့် စက်တင်ဘာ ၂၃ ရက်အထိ ၂၃၁ သန်းကျော်၊ သေဆုံးသူ ၄ သန်း ၇ သိန်းကျော် ရှိပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများတွင် ကူးစက်မှုဆဋ္ဌမ မြောက်နှင့် သေဆုံးမှု စတုတ္ထအများဆုံးဖြစ်ကြောင်း၊ ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ စက်တင်ဘာ ၂၃ ရက်အထိ ရောဂါဖြစ်ပွားသူ ၄၅၃၄၀၇ ဦးရှိပြီး သေဆုံးသူ ၁၂၃၄၁ ဦးရှိကြောင်း၊ အာဆီယံနိုင်ငံများ၌ အင်ဒိုနီးရှား နိုင်ငံတွင် ကူးစက်မှုနှုန်း ၄ သန်းကျော်၊ သေဆုံးသူ ၁ သိန်း ၄ သောင်းကျော်ရှိသဖြင့် ကူးစက်မှု အများဆုံးဖြစ်ကြောင်း၊ ဒုတိယကူးစက်မှု အများဆုံးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၂ သန်း ၄ သိန်းကျော်၊ သေဆုံးသူ ၃ သောင်း ၇ ထောင် ကျော်ရှိကြောင်း၊ တတိယကူးစက်မှု အများဆုံးအနေဖြင့် မလေးရှားနိုင်ငံတွင် ၂ ဒသမ ၁ သန်း ကျော်၊ သေဆုံးသူ ၂ သောင်း ၄ ထောင်ကျော်ရှိကြောင်း၊ စတုတ္ထကူးစက်မှု အများဆုံးအနေဖြင့် ထိုင်းနိုင်ငံတွင် ၁ ဒသမ ၅ သန်း၊ သေဆုံးသူ ၁ သောင်း ၅ ထောင်ကျော်ရှိကြောင်း၊ မိမိတို့နိုင်ငံ တွင်လည်း ဇူလိုင်လအတွင်း ကူးစက်မှုရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများအား ထိထိရောက်ရောက်ဖြင့် ဆောင်ရွက်ခဲ့သဖြင့် ယခုအခါ ၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းခန့်သို့ ကျဆင်းသွားပြီဖြစ်ကြောင်း။
ရောဂါကူးစက်မှုနှုန်းများကျဆင်းမှုကြောင့် ရုံးလုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေး ရုံးများ အား နှစ်ပတ်တက်နှစ်ပတ်နားစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါ ကူးစက်မှု ရာခိုင်နှုန်းသည် ၅ ရာခိုင်နှုန်းအောက်ရောက်ရှိမှသာ စိတ်ချရသည့် အခြေအနေ ဖြစ်သဖြင့် စာသင်ကျောင်းများအား အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း၊ စီနိုဖန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များသည် အသက် ၁၂ နှစ်နှင့်အထက် ကလေးများအား ထိုးနှံနိုင်သည်ဟုသိရှိရကြောင်း၊ ထို့ကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချလက်ချ ပညာသင်ကြားနိုင်ရေးအတွက် ယခုလကုန်အတွင်းရောက်ရှိမည့် တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ သန်းအား ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအခါ တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၃ သိန်းခန့်ထိုးနှံပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၁၅ သန်း ၆ သိန်းရရှိထားပြီးဖြစ်၍ ယနေ့နံနက်အထိ ၉၇၄၆၅၄၇ ဦးထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ ၃၅၈၅၉၀၆ ဦး၊ တစ်ကြိမ်ထိုးနှံပြီးသူ ၂၅၇၄၇၃၅ ဦး ရှိပြီဖြစ်ကြောင်း၊ အောက်တိုဘာလတွင်လည်း ကာကွယ်ဆေးအလုံးရေ ၁၀ သန်း ရောက်ရှိမည် ဖြစ်ပြီး စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင်များရရှိရေးအတွက် အလေးထား ကြိုးပမ်း ဆောင်ရွက်ခဲ့သဖြင့် ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း၊ တစ်ဖက်မှလည်း ပြည်သူလူထုအနေဖြင့် သတိတရားရှိရှိပူးပေါင်းပါဝင် ဆောင်ရွက်လာမှုကြောင့်ဖြစ်ကြောင်း၊ သို့သော် အချို့သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နယ်စပ်ဒေသများတွင် ကူးစက်မှုနှုန်း များနေသေးသည် ကို တွေ့ရှိရကြောင်း၊ ကူးစက်မှုနှုန်းကျဆင်းသည့် မြို့နယ်များအား Stay at Home သတ်မှတ်ထားမှုအား ဖြေလျှော့ပေးခဲ့ကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများဖြစ်ပွားနေသည့် ကာလအတွင်း သယ်ယူပို့ဆောင်ရေးစရိတ် များ၊ ကုန်ထုတ်လုပ်မှုစရိတ်များနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ အထိုက်အလျောက် ဖြစ်ပေါ်နေ ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် စားသောက်ကုန်များနှင့် ပတ်သက်၍ ပြတ်လပ်မှု မရှိကြောင်း၊ စားသောက်ကုန်များအား စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများနှင့် တပ်မတော်မှ တာဝန်ရှိသူများ အနေဖြင့် မျက်ခြည်မပြတ် ဆောင်ရွက်နေမှုကြောင့် စားရေးနှင့်ပတ်သက်၍ အဆင်ပြေမှုများ ရှိကြောင်း၊ ယခုနှစ်တွင် မိုးကောင်းစွာရွာသွန်းသဖြင့် ဆည်များအတွင်းရေကောင်းစွာ ဝင်ရောက်၍ စိုက်ပျိုးရေအတွက် လုံလောက်စွာ ရရှိလျက်ရှိကြောင်း၊ အဆိုပါ စိုက်ပျိုးရေများ ကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန်နှင့် မိုးစပါးအတွက် အောင်ရေလုံလောက်စွာရရှိရေး ကြိုတင်မျှော်တွေးပြီး စီမံထားရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း နိုင်ငံအတွက် အဓိကစိုက်ပျိုးရေးသီးနှံအဖြစ် ဆောင်ရွက်ရန်လိုပြီး မိမိတို့အနေဖြင့် ဝါစိုက်ပျိုးရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း။
အလားတူ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသော်လည်း ပြည်တွင်း ဆီဖူလုံမှု မရှိသဖြင့် စားသုံးဆီများအား ပြည်ပနိုင်ငံများမှ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း ဆီဖူလုံမှုရှိစေရေး အထူးသဖြင့် ဆီထွက်အားကောင်းသည့် ဆီအုန်း၊ ပန်းနှမ်း၊ နေကြာ၊ ပြောင်းနှင့် ပဲပုပ်တို့ကို စိုက်ပျိုးကြရန်လိုကြောင်း၊ ကျန်းမာရေးအတွက် ဆီစားသုံးမှုများ လျှော့ချပြီး တစ်ဖက်မှ လည်း ပြည်တွင်းဆီထုတ်လုပ်မှုကို မြှင့်တင်ခြင်းဖြင့် ပြည်ပမှ စားသုံးဆီ တင်သွင်းမှုများကို လျှော့ချနိုင်ပြီး ပြည်ပငွေသုံးစွဲမှုများ များစွာလျှော့ချနိုင် မည်ဖြစ်ကြောင်း။
စွမ်းအင်နှင့်ပတ်သက်၍ လျှပ်စစ်ထုတ်လုပ်ရာတွင် ရေအား၊ နေရာင်ခြည်စွမ်းအင်၊ ဒီဇယ်၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့များအသုံးပြု၍ ထုတ်လုပ်ခြင်းများရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်မှုများအား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအား လျှပ်စစ် ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းကို အပြည့်အဝ အသုံးချ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွင်းလိုအပ်ချက်ကိုသာမက ပိုလျှံအောင်ပါ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ သို့သော်အပြည့်အဝ အသုံးချခြင်းမပြုနိုင်သည့်အတွက် ကုန်းတွင်းနှင့် ကမ်းလွန်ဓာတ်ငွေ့များမှ တချို့အား ပြည်ပသို့ ရောင်းချ၍ တချို့အား ပြည်တွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများတွင် သုံးစွဲလျက် ရှိကြောင်း၊ စက်ရုံ အလုပ်ရုံများ တွင် အသုံးပြုရန်အတွက် ဓာတ်ငွေ့နှင့်ကျောက်မီးသွေးများ မဖြစ်မနေ လိုအပ်ချက်ရှိကြောင်း၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများ လုံလောက်စွာရရှိမှု မရှိခြင်းကြောင့် အချို့စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရသဖြင့် ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများအား စက်မှုလုပ်ငန်း များတွင် အသုံးချ နိုင်ရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိုလျှော့ချ၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သည့်ရေအားနှင့် နေရောင်ခြည်စွမ်းအင်တို့မှ ထုတ်ယူအသုံးပြုနိုင်ရန် လျှပ်စစ်မူဝါဒအဖြစ် ချမှတ်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်လျက် ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ လိုအပ်သည့် ပညာရပ် များအား တတ်မြောက်စေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျောင်းများ၊ သိပ္ပံများဖွင့်လှစ်၍ ထိုမှတစ်ဆင့် ကောလိပ်များနှင့် တက္ကသိုလ်များအဆင့်အထိ မြှင့်တင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များအား ပြည်တွင်း ဖူလုံစွာ စားသုံးနိုင်သကဲ့သို့ ပိုလျှံသည့် စားကုန်များကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ နိုင်ခြင်းဖြင့် ပြည်ပဝင်ငွေများ ရရှိစေမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ သာယာ ဝပြောရေးအတွက် စည်းကမ်းရှိသည့် ဒီမိုကရေစီစနစ်၊ ဝင်ငွေကောင်းမွန်မှု၊ အလုပ်အကိုင်ရရှိမှု၊ ရောဂါကင်းစင်မှု၊ ရာသီအလိုက် ပွဲလမ်းသဘင်များနှင့် ပျော်ရွှင်မှုများရှိရမည် ဖြစ်သဖြင့် မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကြိုးစားဆောင်ရွက် မည်ဆိုပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံများတွင် အလယ်အလတ် အဆင့်သို့ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ နိုင်ငံအတွင်း မြေပေါ်၊ မြေအောက် သယံဇာတများ၊ ပညာတတ်များနှင့် လုံလောက်သော လူ့စွမ်းအားအရင်းအမြစ်များ ရှိပြီးဖြစ်၍ ကြိုးစားလုပ်ဆောင်လျင် မဖြစ်နိုင်စရာ မရှိကြောင်း၊ မိမိတို့ နိုင်ငံသားများတွင် မိသားစုစိတ်ဓာတ်ရှိပြီး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီချင် စိတ်များရှိကြကြောင်း၊ နိုင်ငံအတွင်း နိုင်ငံသား အားလုံးသည် တစ်ဦးချင်းဝင်ငွေနှင့်လျော်ညီသည့် ဈေးနှုန်းများဖြင့် စားသောက်နိုင်ရေးနှင့် လူတန်းစေ့နေနိုင်အောင် ပထမဦးစားပေး ဆောင်ရွက်ပေးရန် လိုကြောင်း။
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယခု အချိန်အထိ ရာနှုန်းပြည့် ငြိမ်းချမ်းမှုမရရှိသေးကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက် ငြိမ်းချမ်းရေးရရှိရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် ဒီမိုကရေစီ၏ အခြေအနေ ကိုနားလည်ရန်နှင့် နိုင်ငံ၏ ပကတိအခြေအနေအား နားလည်ရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ အများ၏ဆန္ဒအရ ဥပဒေနှင့်အညီ ရွေးချယ်ခြင်းခံရသူများက ဦးဆောင် ဆောင်ရွက် ကြခြင်းဖြစ်ကြောင်း၊ သို့သော်လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ၁၈၈၆ ခုနှစ်မှစ၍ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး ကိုလိုနီလက်အောက် ကျရောက် နေချိန်အတွင်း မိမိတို့နိုင်ငံရှိလူငယ်များ အနေဖြင့် လွတ်လပ်ရေးလိုလားသည့်အတွက် နိုင်ငံရေး လေ့လာမှုများပြုလုပ်ခဲ့ရာမှ ဆိုရှယ်လစ် အယူအဆများ ရရှိလာခဲ့ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ မတူညီသည့် နိုင်ငံရေးအယူအဆများ ပါရှိလာကြောင်း၊ လွတ်လပ်ရေးရခါစတွင် ယင်းမတူညီသော နိုင်ငံရေးအယူအဆနှင့် တိုင်းရင်းသား ရေးရာအရ ပဋိပက္ခများ ပြင်းထန်လာ ခဲ့ကြောင်း။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဖဆပလ အစိုးရတက်လာသော်လည်း အဆိုပါအဖွဲ့အတွင်း လက်ဝဲ အယူအဆနှင့် လက်ယာအယူအဆ ကွဲလွဲသူများပါဝင်ပြီး လုပ်ငန်းများဆောင်ရွက်ချိန်တွင် သဟဇာတ မရှိဘဲ သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း၊ နိုင်ငံရေးအရမတည်ငြိမ်မှုများနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းကြောင့် ၁၉၅၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ခြွင်းချက်ပြု၍ ဗိုလ်ချုပ်ကြီး နေဝင်းထံ အိမ်စောင့်အစိုးရတာဝန်အား ပေးအပ်ခဲ့ရကြောင်း၊ ၁၉၆၂ ခုနှစ် တွင်လည်း တပ်မတော်မှ တော်လှန်ရေးကောင်စီ ဖွဲ့စည်း၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် တပ်မတော်တွင်း၌ ဆိုရှယ်လစ် အယူအဆရှိသူများရှိခဲ့ကြောင်း၊ နိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတွင် သဘောထား ကွဲလွဲမှုများကြောင့် တစ်ပါတီစနစ်ဖြင့် သွားရေးသာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ရကြောင်း၊ လူငယ် များနှင့် တိုင်းရင်းသားအဖွဲ့များတွင် ဆိုရှယ်လစ် အယူအဆများနှင့် ဒီမိုကရေစီအယူအဆများ ကွဲလွဲခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရ တာဝန်ယူချိန်တွင် ဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်ရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော်လည်း အသားမကျသေးသည့်အတွက် ဗဟို ဦးစီးစနစ်ဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရန်အတွက် ပြောင်းလဲမှုများအား တစ်ဆင့်ခြင်းဆောင်ရွက်ခဲ့ကြောင်း၊ အုပ်ချုပ်မှုစနစ် နှင့် လိုက်လျောညီထွေ ရှိသော ဈေးကွက်စီးပွားရေးစနစ်များကို ပြောင်းလဲခဲ့ကြောင်း။
၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခဲ့ပြီး နိုင်ငံရေးပါတီများ အသီးသီး ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သဖြင့် နိုင်ငံရေးအရ စိတ်ဝမ်းကွဲရန် အကြောင်းမရှိကြောင်း၊ နိုင်ငံရေးအား ဥပဒေနှင့်ညီညွှတ်စွာ ဆောင်ရွက်နိုင်ပြီး ပိတ်ပင်ထားခြင်းများ မရှိကြောင်း၊ လက်ရှိနိုင်ငံရေးစနစ်အား မှန်မှန်ကန်ကန် အသုံးချရန် လိုကြောင်း၊ ပညာသင်ကြားနေ သည့် ကျောင်းသားများအနေဖြင့် ပညာသင်ကြားချိန်တွင် ပညာရေးလမ်းကြောင်း ပေါ်တွင်သာ လျှောက်လှမ်းရန်လိုကြောင်း။
ကောင်စီဝင်များအနေဖြင့် နိုင်ငံရေးအရပကတိ အခြေအနေ၊ စီပွားရေးအရပကတိ အခြေအနေ၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ပကတိအခြေအနေများအပေါ်တွင် စဉ်းစား၍ ဆောင်ရွက်ခြင်း ဖြင့် နိုင်ငံ၏အကျိုးအတွက် ထိရောက်စွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကူးပြောင်းမှုကာလတွင် ပြည်သူများအားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးမည်ဆိုပါက အားလုံးတည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လွတ်လပ်စွာတွေးခေါ်၍ နိုင်ငံအတွက် ဖြစ်သင့်သည့် စကားမျိုး၊ ဖြစ်သင့်သည့်အလုပ်မျိုးများ ဆောင်ရွက်မည်ဆိုပါက အကျိုးရှိမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအားလုံး ရှေးယခင် ကတည်းက စုပေါင်းနေထိုင်ခဲ့ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ်သတ်မှတ်ချက်များတည်ရှိပြီး အချုပ်အခြာအာဏာပိုင်သော နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအားလုံး တူညီ သည့် စိတ်ဆန္ဒ၊ တူညီသည့် အခွင့်အရေးများဖြင့် နေထိုင်ကြရန်လိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲသည့် နိုင်ငံရေးသမားများအနေဖြင့်လည်း ပါတီစုံဒီမိုကရေစီ စနစ်အပေါ်တွင် မှန်ကန်သည့်အမြင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတကာ တွင်လည်း ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာဖော်ဆောင်ကြကြောင်း၊ ထိုသို့ ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက် ရန်လိုပြီး ဒီမိုကရေစီနည်းလမ်း မကျသည့် လက်နက်ဖြင့်အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုးကို မလိုလားကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံအုပ်ချုပ်ရေးနှင့် ပတ်သက်၍ တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာအရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အားလုံးညီညွတ်မျှတရန်လိုကြောင်း၊ အထူးသဖြင့် ပြည်နယ် များနှင့် အခြားဖွံ့ဖြိုးမှုမရှိသေးသည့် နေရာဒေသများအား ဦးစားပေးဆောင်ရွက်ရန် လိုကြောင်း၊ ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများကို တတ်နိုင်သမျှ တိုးတက်အောင်ဆောင်ရွက်ပေးရန် လိုကြောင်း၊ လက်နက်ကိုင်ဖြေရှင်းသည့် လမ်းစဉ်အားမိမိအနေဖြင့် မလိုလားကြောင်း၊ သို့သော်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဆောင်ရွက်နေရခြင်းများ ရှိကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးရမှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအား လျှောက်လှမ်းရာ တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဦးဆောင်၍ ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့က မျိုးဆက်သစ်လူငယ်များနှင့် အနာဂတ် လူငယ်များကို နိုင်ငံရေးပညာပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများက အချက်အလက်များကို စနစ်တကျ လေ့လာပြုစုပြီး ဖြေရှင်း ဆောင်ရွက်ရေး၊ နိုင်ငံရေးမသမာမှုများအရ တရားစွဲဆိုထားသည့် ပုဂ္ဂိုလ်အချို့၏အမှုများကို ပြန်လည် ရုပ်သိမ်းပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေး ပြဋ္ဌာန်းချက်အား ပြုပြင်နိုင်ရေး၊ ပရိပတ္တိနှင့် ပရိယတ္တိစာသင်တိုက်များမှ ရဟန်းသံဃာတော်များအတွက် ပြည်သူအားလုံးပါဝင်သည့် လှူဒါန်းမှုများ ဆောင်ရွက်ပေးရေး၊ စာသင်ကျောင်းများအား သင့်လျော်သည့်အချိန် ပြန်လည်ဖွင့်လှစ် နိုင်ရေး၊ စီးပွားရေးအတွက် နိုင်ငံခြားဝင်ငွေရရှိရန် အထွက်နှုန်းကောင်းပြီး အနံ့အရသာ ကောင်းမွန်သည့်ကော်ဖီ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးရေး၊ အမျိုးသားလုံခြုံရေးဥပဒေပါ လူဦးရေ ဆိုင်ရာ လုံခြုံရေး အတွက် အလေးထားဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာအားကစားအဖွဲ့ချုပ်များ စနစ်တကျ ဖွဲ့စည်းရေး၊ ဝန်ကြီးဌာနများတွင် စက်သုံးဆီနှင့် လျှပ်စစ်မီးချွေတာသုံးစွဲရေး၊ လျှပ်စစ် မီတာခ များ အရစ်ကျစနစ်ဖြင့် ပေးသွင်းခွင့်ပြုရေး၊ ချင်းပြည်နယ်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် ဝဥစိုက်ပျိုးထုတ်လုပ်ရေးအတွက် ပံ့ပိုးကူညီရေး၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အသွေးမပြည့်ဝသဖြင့် ပျက်စီးမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ များ ဆုံးရှုံးမှုမဖြစ်ပေါ်အောင် ကြပ်မတ်ဆောင်ရွက်ရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရေး၊ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက ပြည်သူလူ အပေါ် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ ဘုရားသုံးဆူ- သံဖြုဇရပ် မော်တော်ကားလမ်း အပြီးဖောက်လုပ်ပေးရေး၊ မွန်ပြည်နယ် ယဉ်ကျေးမှုပြတိုက် ဆောက်လုပ်ရန် မြေနေရာရရှိရေး၊ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေမှုများအား စိစစ်ကြပ်မတ်ဆောင်ရွက်ရေး၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသအဆင့်ဌာနဆိုင်ရာရုံးများ တိုးချဲ့ဖွင့်လှစ်ပေးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြ ဆွေးနွေးချက် များအပေါ် အမျိုးသားရေးနှင့်စပ်လျဉ်း၍ နိုင်ငံရေးအရ အမှုဖွင့်အရေးယူထားမှု များကို ပြန်လည် စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း အခြားဥပဒေများနှင့် ငြိစွန်းမှု ရှိ၊ မရှိကို စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ ပရိပတ္တိနှင့် ပရိယတ္တိစာသင်တိုက်များမှ ရဟန်းသံဃာတော်များ အတွက် ပြည်သူအားလုံးပါဝင်သည့်လှူဒါန်းမှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း၊ Robusta ကော်ဖီစိုက်ပျိုးနိုင်ရေးနှင့် စပ်လျဉ်း၍ စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြင်ဦးလွင်၊ ပင်လောင်း နှင့် ရွာငံဒေသတို့တွင် စိုက်ပျိုးလျက်ရှိသည့် Arabica ကော်ဖီဈေးနှုန်း ကောင်းမွန်ပြီး ဈေးကွက် ရရှိနေကြောင်း။
အမျိုးသားလုံခြုံရေးဥပဒေနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း၊ လူဦးရေလုံခြုံရေးနှင့်စပ်လျဉ်း၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာအားကစားများ အရှေ့တောင် အာရှအားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန များတွင် စက်သုံးဆီ၊ လျှပ်စစ်မီးနှင့် တယ်လီဖုန်းသုံးစွဲမှုများကို စနစ်တကျရှိစေရန် ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်ရသင့် ရထိုက်သည့် အခွန်များရရှိရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအခွန်ငွေရရှိရန် အရေးကြီးကြောင်း။
ပုဒ်မ ၅၀၅ ဖြင့် အရေးယူထားမှုများနှင့်စပ်လျဉ်း၍ စိစစ်၍ အမှုရုပ်သိမ်းပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ်တွင် ဒေသဝမ်းစာဖူလုံရေးသည် အရေးကြီးသည့်အတွက် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သမဝယမ ချေးငွေရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ မွန်ပြည်နယ် ယဉ်ကျေးမှုပြတိုက် တည်ဆောက်နိုင်ရေးအတွက် မြေနေရာခွင့်ပြု ပေးပြီးဖြစ်ကြောင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ဘုရားသုံးဆူ -သံဖြူဇရပ် မော်တော်ကားလမ်းကို အဆင့်မြှင့် တင်ပေးလျက်ရှိကြောင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသအဆင့် ဌာနဆိုင်ရာများ ထားရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် လက်ရှိအခြေနေတွင် စီးပွားရေးနှင့်စပ်လျဉ်း၍ ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ကျဆင်း လျက်ရှိကြောင်း၊ သို့သော် နယ်စပ်ကုန်သွယ်မှုတွင် တိုးတက်လျက် ရှိကြောင်း၊ ထို့ကြောင့် နယ်စပ် ကုန်သွယ်ရေးဂိတ်များကို Normal Trade ပုံစံရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုကဏ္ဍ တိုးတက်ရန်အတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မြှင့်တင်သွားရန် လိုအပ်ကြောင်း၊ ဈေးကွက်ရှိပြီး ဖြစ်သည့်အတွက် ဆန်စပါး၊ သား၊ ငါး၊ သစ်သီးဝလံနှင့် ပဲတို့ကို သတ်မှတ်အရည်အသွေး ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊ ရေထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးလေလံဈေး တည်ဆောက်ရန် ခွင့်ပြုပေးထားကြောင်း၊ ထို့ပြင် ထားဝယ်၊ သီလဝါတို့ တွင် အထူးစီးပွားရေး ဖွံ့ဖြိုးရေးဇုန်များ ဆောင်ရွက်လျက်ရှိပြီး ပုသိမ်မြို့တွင် စက်မှုဇုန် တည်ဆောက်ရန် ခွင့်ပြုပေးထားပြီဖြစ်ကြောင်း၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မှသာ လူဦးရေ အချိုးကျလာမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်လည်း ဒေသ ထွက်ကုန်များကို အခြေခံသည့် စက်မှု လုပ်ငန်းများ တိုးတက်စေရန်နှင့် ကုန်ချောထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပေါ်၊ မြေအောက် သယံဇာတကိုအခြေခံသည့် စီးပွားရေးသည် အကန့်အသတ်ရှိကြောင်း၊ သို့ဖြစ်၍ ဒေသထွက်ကုန်များကို အခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှ သာ ပြည်သူများ အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိလာမည် ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တတိယလှိုင်းအတွက်သာမက စတုတ္ထလှိုင်း အတွက်ပါ ထည့်သွင်းစဉ်းစားထားပါကြောင်း၊ ထို့ကြောင့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံများ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အောက်ဆီဂျင် သုံးစွဲမှု အမြင့်ဆုံးကာလတွင်လည်း အလုံအလောက် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးနှင့် ကုသဆေး ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံအတွင်းရှိ ဆေးဝါး ထုတ်လုပ်သည့် စက်ရုံများမှ ဆေးဝါးများ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နိုင်ရန် လိုအပ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ ကောင်စီဝင်များ အနေဖြင့်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment