နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးတွင် နိုင်ငံတကာစီးပွားရေးနယ်ပယ်စုံ၌ စီးဝင်မှုသည် အရေးကြီးသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် အမျိုးသားအကျိုးစီးပွားကို တစ်ကမ္ဘာလုံးသို့ လွှမ်းခြုံကြသည်။ စီးပွားကူးသန်း ရှေ့သို့လှမ်းချီရာ၌ နိုင်ငံတကာစီးပွားရေးတွင် ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေးလမ်းကြောင်းစုံဖြင့် ထိုးဖောက်ဖြန့်ချိကြသည်။ ချမ်းသာသောနိုင်ငံများသည် ကုန်သွယ်ရေကြောင်း ဆိပ်ကမ်းပိုင်ဆိုင်ကြသည်။
မြန်မာနိုင်ငံတွင်
ပြည်ပပို့ကုန်မြင့်မားရေးသည် အထူးလိုအပ်နေဆဲဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊
အရည်အသွေး၊ ငွေကြေးစသည်တို့နှင့်အတူ ကမ္ဘာ့စီးပွားရေး၊ ပထဝီနိုင်ငံရေး အကြောင်းအမျိုးမျိုးတို့ကြောင့်
မြန်မာ့ပို့ကုန်ကုန်သွယ်မှု အဖုံဖုံတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ များစွာကျဆင်းသွားခဲ့သည်။
ကုန်းတွင်းနယ်စပ်ကုန်သွယ်ရေးကိုသာ အဓိကအားပြုနေရသည်ကိုတွေ့ရမည်။ ထို့ကြောင့် စိုက်ပျိုးရေးကိုအခြေခံသည့်
ပြည်တွင်းထုတ်ကုန်များ တိုးတက် ထုတ်လုပ်တင်ပို့နိုင်ရေးကို ကြိုးပမ်းအားထုတ်လျက်ရှိသည်။
ယခုအခါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏
ဒုတိယဝန်ကြီးချုပ်နှင့် သမ္မတ၏ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားအရှေ့ဖျားဒေသဆိုင်ရာ
ကိုယ်စားလှယ်ဖြစ်သူ မစ္စတာယူရီထရုနဗ်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌
စက်တင်ဘာလ၂ရက်နေ့မှ၄ရက်နေ့အထိကျင်းပသည့် (၆)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေးဖိုရမ်သို့
မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါ အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံနှင့်
ရုရှားနိုင်ငံနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် မဟာဗျူဟာကျသော
စီးပွားရေးအခွင့် အလမ်းကောင်းများကို ထုတ်ဖော်တွေ့ရှိလာခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့
နှင့် ရုရှားတာဝန်ရှိသူများ၊ စီးပွားရေးကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ကြရာတွင် ရုရှား
-မြန်မာနှစ်နိုင်ငံအကြား စိုက်ပျိုးရေးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၊
စက်သုံးဆီသိုလှောင်ကန်နှင့် အခြားအခြေခံ အဆောက်အဦများ တည်ဆောက်ရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊
ကျန်းမာရေးကဏ္ဍများ၌ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်
နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးတက်စေရေးအတွက် နှစ်နိုင်ငံအစိုးရများအကြား ရှေ့ဆက်ကူညီပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စများကို
ဆွေးနွေးခဲ့သည်။ ရုရှားလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များအား
တန်ဖိုးမြှင့်ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ ဝယ်ယူတင်သွင်းခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊
ရေနံတူးဖော်ထုတ်လုပ်သန့်စင်ခြင်း၊ ဘက်စုံသုံးပင်လယ်ဆိပ်ကမ်း တည်ဆောက် ခြင်း စသည့်လုပ်ငန်းများကို
စိတ်ဝင်စားလျက်ရှိသည်။
ဖိုရမ်မျက်နှာစုံညီအစည်းအဝေးသို့
ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင် ကိုယ်တိုင်တက်ရောက်၍ ရုရှားအရှေ့ဖျားဒေသ၏လက်ရှိဖွံ့ဖြိုးတိုးတက်မှုအခြေ
အနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင်စွမ်းအား တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးမည့်အခြေအနေများ၊
အထူးစီးပွားရေးဇုန်များ ထူထောင်ထား၍ အာရှနှင့် ပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံသူများနှင့်
ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆိပ်ကမ်းများကို ဆက်သွယ်ရေးနည်းပညာအသုံးပြု
အဆင့်မြှင့် တင်၍ ကုန်စည်သင်္ဘောများ ချိတ်ဆက်သွားလာနိုင်မည့် ဆိပ်ကမ်းကြီးတစ်ခု ပေါ်ပေါက်လာရေး
ဆောင်ရွက်မှုအခြေအနေများ၊ အာရှနှင့်ဥရောပကို ချိတ်ဆက် ပေးမည့် မြောက်ပိုင်းပင်လယ်လမ်းကြောင်းတစ်ခု
ဖြစ်ပေါ်လာရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ရာ အာရှ-ပစိဖိတ်ဒေသ စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှု ကမ္ဘာ့စီးပွားရေးမဟာဗျူဟာ တစ်ခုဖြစ်လာမည်။
အရှေ့ဖျားစီးပွားရေးဖိုရမ်သို့မွန်ဂိုလီးယား၊
ကာဇက်စတန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ သမ္မတများနှင့် အိန္ဒိယ၊ ထိုင်းနိုင်ငံတို့မှ
ဝန်ကြီးချုပ်များက ဗီဒီယို မက်ဆွေများဖြင့် စကားပြောခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင်
အာဆီယံနိုင်ငံများ နှင့်ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ စုစုပေါင်း
တက်ရောက်သူ ၂၀၀ ခန့်က အွန်လိုင်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်ဖြင့်သော်လည်းကောင်း
တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဖိုရမ်သို့ ဂျပန်၊ ပြင်သစ်၊ တရုတ်၊ တောင်ကိုရီးယား၊
အမေရိကန်၊ အိန္ဒိယစသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံမှ ကိုယ်စားလှယ်များ၊
သံအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ကမ္ဘာ့နိုင်ငံများမှ မီဒီယာများအပါအဝင်
စုစုပေါင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရတာဝန်ယူသော ကာလအတွင်း ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊
နိုင်ငံကိုယ်စားလှယ်တော်များ၊ စီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် ဤကဲ့သို့ မဟာဗျူဟာကျသော
ကမ္ဘာ့စီးပွားရေးအခင်းအကျင်းကို ဦးစွာထုတ်ဖော်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိကာလတွင်
နိုင်ငံတကာ၌ စိန်ခေါ်မှုများရှိနေသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံများနှင့်
ဆက်သွယ်ကူးသန်းရောင်းဝယ်ရေးကို ရှေးရှု ဆောင်ရွက်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့်
မြန်မာနိုင်ငံအား မိတ်ဆွေ ကောင်းပီသစွာဖြင့် အလေးထားဖိတ်ကြားဆောင်ရွက်ခဲ့သောကြောင့်
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးမဟာဗျူဟာ အခင်းအကျင်းသစ်တွင် အစပြုဦးတည် လျှောက်လှမ်းနိုင်တော့မည်
ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment