Sunday, September 5, 2021

ဝါးခယ်မမြို့နယ်၌‌ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

 



ဝါးခယ်မ စက်တင်ဘာ ၅

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အထက် ပေကုန်းကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီက ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည် (၁၆၀)ပေ၊ အကျယ် (၄၀) ပေခန့် ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါး အနီးတွင် နေထိုင်သော လူနေအိမ်(၅)လုံးနှင့် မိသားစုဝင်ကျား(၁၂)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း(၂၅)ဦးတို့အား ရွှေလောင်းနယ်မြေ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဦးထွန်းကြွယ်နှင့် ရွာသူ/သားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

 

အထက်ပေကုန်းကျေးရွာအုပ်စုတွင် အထက်ပေကုန်းကျေးရွာ (၁)ရွာတည်းရှိပြီး ကျေးရွာတွင် အိမ်ခြေ (၅၇၈)လုံး၊ အိမ်ထောင်(၅၈၂)စု၊ လူဦးရေ ကျား(၁၂၄၁)ဦး၊ မ(၁၂၇၈)ဦး၊ ပေါင်း(၂၅၁၉) ဦး နေထိုင်ကြောင်းနှင့် ၎င်းကျေးရွာအုပ်စုသည် ရွှေလောင်းမြစ်၏ ကမ်းပါးအနီးတွင် တည်ရှိနေ သဖြင့် အလားတူ မြစ်ကမ်းပါးပြိုကျမှုများနှစ်စဉ်  ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

 

စောသန္တာဦး

 


 

No comments:

Post a Comment