Saturday, September 4, 2021

မင်းဘူး(စကု)မြို့နယ် ကျောင်းကုန်းကျေးရွာ၌ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများကို‌ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်


 

မင်းဘူး စက်တင်ဘာ


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုအုပ်စု၊ ကျောင်းကုန်း ကျေးရွာ၌ သဘာဝဘေးကြောင့်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု(၁၇)စုအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက  အဆိုပါ ကျေးရွာ၌ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းကျေးရွာမှာ အိမ်ခြေ(၉၅)အိမ်၊ အိမ်ထောင်စုပေါင်း(၁၁၀)၊ လူဦးရေကတော့ (၅၂၀)ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကြခဲ့တာကြောင့် လူနေအိမ်(၁၇)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရပါတယ်။ ဒီနေ့အချိန်ထိဆိုရင် ကမ်းပြိုဘေးသင့် အိမ်ထောင်စုပေါင်းက (၄၀)ရှိသွားပြီ၊ လူဦးရေ (၁၅၈)ဦးနဲ့ ကျွဲနွားတိရစ္ဆာန်တွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားပါတယ်ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသစ်လွင်က ပြောသည်။

အဆိုပါ ကမ်းပြိုဘေးသင့် လူနေအိမ်(၁၇)လုံးမှ အိမ်ထောင်စုပေါင်း(၁၇)စုအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေကျပ် (,၇၀၀,၀၀၀)၊ လူဦးရေ(၆၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၁၂၆,၀၀၀) စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေကျပ် (,၈၂၆,၀၀၀) (တစ်ဆယ့်ရှစ်သိန်း နှစ်သောင်းခြောက်ထောင်) ကျပ်တိတိနှင့် နှာခေါင်းစည်း Mask အခုရေ (၁၃၀၀)ကို တာဝန်ရှိသူ များက ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ် ကမ်းတလျှောက် မြစ်ရေဝင်ရောက်မှုများနှင့် မြစ်ကမ်းပါးပြိုကြမှု အခြေအနေများကို ရှပ်ပြေးစက်လှေယာဉ်နှစ်စင်းဖြင့် ကွင်းဆင်းပြီး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

No comments:

Post a Comment