မြစ်ကြီးနား စက်တင်ဘာ ၂၅
ကချင်ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝင်း အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ် လက်ရွေးစင်လက်ဝှေ့အသင်း၏ စခန်းသွင်းလေ့ကျင့်ယှဉ်ပြိုင်ထိုးသတ်မှုကို သွားရောက်ကြည့်ရှု အားပေးပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို စက်တင်ဘာ ၂၄ ရက်တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်လက်ဝှေ့ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်လျက်ရှိရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်ရွေးစင် လက်ဝှေ့အသင်းနှင့် လက်ရည်စမ်း လေ့ကျင့်ယှဉ်ပြိုင် ထိုးသတ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လက်ဝှေ့ကစားသမားများ၊ နည်းပြနှင့် ဒိုင်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကာ အားကစားသမားများ အာဟာရပြည့်ဝအောင် ကျွေးမွေးနိုင်ရေး၊ လေ့ကျင့်ချိန်များအတွင်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ် အတွင်းရှိ ကချင်၊ ရှမ်း၊ ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းအဖွဲ့များမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားများသည် မိမိတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်း၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တိုးတက်မြင့်မားအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လည်း တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များ၊ စာပေ၊ အနုပညာ ထွန်းကားရေးကို တတ်နိုင်သမျှ ပံ့ပိုးကူညီ ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် တာဝန်ရှိသည့်အတွက် ယနေ့တွေ့ဆုံပွဲတွင် လိုအပ်သည် များကို ပွင့်လင်းရင်းနှီးစွာ တင်ပြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာန၏ မူဝါဒ လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကချင်တိုင်းရင်းသား (၆)မျိုး၊ ရှမ်းတိုင်းရင်းသား (၅)မျိုးနှင့် ဗမာတိုင်းရင်းသားတို့မှ ကော်မတီ/အဖွဲ့အစည်း (၁၃)ခုမှ တာဝန်ရှိသူများက အသင်းအဖွဲ့ မှတ်ပုံတင် သက်တမ်းတိုးမြှင့်ပေးရေးကိစ္စရပ်များ၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံစရိုက်လက္ခဏာများကို သုသေသနပြုစု ထိန်းသိမ်းရေးကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုရုံး မြေနေရာရရှိရေး၊ ရရှိပြီးမြေနေရာ များအတွက် ဂရန်အမည်ပေါက်ရရှိရေး၊ ကော်မတီ၊ အသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး တွင် လုပ်ကိုင်နေကြသည့် စေတနာ့ဝန်ထမ်းများအား သင်တန်းဖွင့်လှစ်ပို့ချပေးနိုင်ရေး၊ အသင်းအဖွဲ့များ ၏ ရန်ပုံငွေရရှိရေး လှူဒါန်းပံ့ပိုးပေးရေးကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ရိုးရာ ယဉ်ကျေးမှု ကော်မတီ/အဖွဲ့အစည်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီ/အသင်းအဖွဲ့များ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများအပေါ် ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment