ကျောက်ပန်းတောင်း စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများသို့ သောက်သုံးရေပို့ဆောင်ရန်၊ ဆည်ပေါက်ရေစုကန်သို့ ဆက်သွယ်ပို့ဆောင်သည့် ငဝစမ်းရေထွက်နှင့် ကြို့ချောင်းရေထွက်များမှ ရေသွယ်ယူသည့် (၁၀)လက်မရေပိုက်လိုင်းမှာ လွန်ခဲ့သည့် ရက်များက ရွာသွန်းမိုးဖြင့် ဆည်ပေါက်ချောင်းရေတိုက်စားမှုကြောင့် ပြတ်တောက်သွားခဲ့ရာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးချမ်းငြိမ်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်ပြုပြင် ပြီးစီးခဲ့ ကြောင်း သိရသည်။
“ ပိုက်တွေက သဲချောင်းအောက် (၃)ပေကျော်(၄)ပေလောက်မှာမြုတ်ထားတဲ့
(၁၀)လက်မပိုက်တွေပါ..။ ကျွန်တော်တို့ ငဝစမ်းနဲ့ ကြို့ချောင်းရေထွက်တွေက ရေကိုစုပြီး၊
ဒီပိုက်ကြီးတွေနဲ့ ဆည်ပေါက် ရွာရေစုကန်ကို ပို့တာပါ…။ ဆည်ပေါက် ကနေမှတဆင့် မြို့ကိုပို့ရတာပါ…။
ဒီပိုက်တွေ ပြတ်တောက် သွားတော့ မြို့အတွက် လောလောဆယ် သောက်သုံးရေပေးဝေမှု နည်းသွားတာပေါ့…။
ဒါ့ကြောင့် ကျွန်တော်တို့က မြို့လူထုသောက်သုံးရေ မခက်ခဲ့ရအောင်လုပ်ရတာတစ်ပိုင်း၊ နောက်ပြီး
မိုးသည်းထန်ပြီး ချောင်းရေထပ်ကျလာမှာဆိုးလို့ တွန်းပြီးလုပ်ရတာက တစ်မျိုးပေါ့ဗျာ..။
တကယ်ဆိုရင်တော့ အစောပြီးပါ တယ်…ပိုက်တွေ ကုတ်ပြီးဖော်ဖို့အတွက် ဘက်ဟိုးကို သယ်ရ ရွှေ့ရနဲ့မို့
နောက်ကျသွားတာပါ…” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေသူ SAE ဦးထက်နိုင်အောင်က
ပြောသည်။
အဆိုပါ ရေပိုက်မှာ တစ်လုံးလျှင် အဝကျယ်(၁၀)လက်မနှင့်
အရှည်မှာပေ(၂၀)ရှိကြောင်း သိရပြီး၊ လွန်ခဲ့သည့် စက်တင်ဘာ(၂)ရက်နေ့ နံနက်(၂)နာရီခန့်က
ပုပ္ပားဒေသ တစ်ဝိုက် မိုးသည်းထန်စွာရွာ သွန်းခဲ့သဖြင့် ဆည်ပေါက်ချောင်းရေ ပြင်းထန်စွာကျဆင်းမှုကြောင့်
ချောင်းအောက်တွင် မြှတ်နှံ သွယ်တန်းထားသော ပိုက်လိုင်းများ ဂျွိုင်းဆက်များ ပြုတ်ပြီး
ပိုက်(၄)လုံးပြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
ပြတ်တောက်သွားသည့် ရေပိုက်များမှာ မှန်ကင်းတောင်တောရ
ကျောင်းအဆင်းလမ်းမှ ချောင်းအတွင်း ဖြတ်သန်းသွယ်တန်းထားသည့် ပိုက်များဖြစ်ပြီး၊ သဲထဲမှ
ရှာဖွေဖော်ထုတ်၍ ဘက်ဟိုးဖြင့် သဲပြင်ပေါ် မတင်ကာ ဂျွိုင်းဆက်များ ဂဟေပြန် ဆော်ခြင်းနှင့်
သဲမြေအောက် အနက်ပေ(၄)ပေခန့်တွင် ပြန်လည် မြှုတ်နှံခြင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း
အဆိုပါ အင်ဂျင်နီယာ က ပြောပါသည်။
ပုပ္ပားတောင်မကြီးမှ ငဝစမ်းရေထွက်၊ ကြို့ချောင်းရေထွက်၊ ရေငန်းရေထွက်နှင့်
ရေတင်ရေထွက်ဟူ၍ ရေထွက်ကြီး(၄)ခုရှိသည့်အနက်၊ အဆိုပါ ငဝစမ်းရေထွက်နှင့် ကြို့ချောင်းရေထွက်များမှ
ရေထွက်အား အများဆုံးဖြစ်ကြောင်း သိရပြီး ၎င်းရေထွက်များမှ မိုးရာသီကာလတွင် တစ်နာရီလျှင်
ရေဂါလန် (၁၅၀၀၀)ကျော် ခန့်ထွက်ရှိကြောင်း သိရသည်။
၎င်းရေထွက်များမှ ရေများကို ဆည်ပေါက်ကျေးရွာ
ရေစုကန်သို့ ပို့ဆောင်၍ ဆည်ပေါက်ရေစု ကန်မှတဆင့် ကျောက်ပန်းတောင်း မြို့သို့ပို့ဆောင်ခြင်းဖြစ်ရာ၊
ပိုက်ဆက်ပြုပြင်မှု လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကျောက်ပန်းတောင်းမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသို့
သောက်သုံးရေ လုံလောက်စွာဖြင့် ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဝေ သွားနိုင်တော့မည်ဖြစ်ကြောင်း
သိရသည်။
နေအောင်(ပြန်/ဆက်)
No comments:
Post a Comment