ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်းကားရာ နေရာများတွင် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိနိုင်ရေး အတွက် ၁၂.၈.၂၀၂၁ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၂၆/၂၀၂၁ဖြင့် ၂၀၂၁ခုနှစ် သြဂုတ် လ(၁၆)ရက်နေ့မှ သြဂုတ်လ(၂၂)ရက်နေ့အထိ တစ်ဆက်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် တိုးမြှင့် သတ်မှတ်ကြေညာ ခဲ့ပြီး အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် မိမိတို့နေအိမ် (သို့မဟုတ်) အဆောင်များတွင်သာ နေထိုင်ရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံ စားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက် နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျဆေးရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရ နေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန် စသည့် အချက်များ ပါဝင်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က နံနက်(၈)နာရီတွင် တစ်ကြိမ်၊ ညနေ(၃)နာရီ အချိန်တွင် တစ်ကြိမ် စုစုပေါင်း တစ်နေ့ကို နှစ်ကြိမ်ဖြင့် နေ့စဉ် အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်

No comments:
Post a Comment