Wednesday, August 11, 2021

ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်လို

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ (၆) လပြည့်လွန်ခဲ့ပြီ ဖြစ်သည်။ ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ၍ ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်မည့် ခရီးလမ်းတွင် နိုင်ငံ့အာဏာကို မမှန်မကန် ရယူရန်ကြိုးပမ်းမှုက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်။ အာဏာရပါတီနှင့် အစိုးရတို့က အာဏာနှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ကာ တစ်ပါတီတည်း ကြီးစိုးရေး လုပ်ဆောင်မှုသည် နိုင်ငံကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှ တိမ်းစောင်း သွားစေသည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် သန့်ရှင်းခြင်း တို့နှင့်စပ်လျဉ်း၍ ဖြေရှင်းပေးနိုင်ခြင်း မရှိသော မဲရလဒ်ဖြင့် လွှတ်တော်ကို ဇွတ်ခေါ်ရန် ကြိုးပမ်းခြင်းကြောင့် စစ်မှန်၍ တရားမျှက သန့်ရှင်း သော ဒီမိုကရေစီကို ဖော်ဆောင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့်အစိုးရအဖွဲ့တို့သည် အရေးပေါ်ကာလ ပြဋ္ဌာန်းချက် နှင့်အညီ အချိန်ကာလ တစ်စ်ရပ်ကိုသာ တာဝန်ယူရမှာဖြစ်သည့်အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် လျက်ရှိသည်။ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် တာဝန်ရှိသည်နှင့်အညီ ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ မျက်မှောက်အခြေအနေသည် နိုင်ငံရေး အပြောင်း အလဲတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ဆောင်ရွက်နေရသည့်နည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း မြင့်တက်လာမှုနှင့် ဆက်စပ်ကာ စီးပွားရေးကဏ္ဍ နှေးကွေးလေးလံ ကျဆင်းလာခြင်း၊ အလုပ် အကိုင် ရှားပါးခြင်းတို့ကဲ့သို့သော စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ နိုင်ငံတည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးမှ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်မှသာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူများ စားဝတ်နေရေး ချောင်လည်စေမှုတို့ကို စိတ်သွားတိုင်းကိုယ်ပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ အချက်နှစ်ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်မှာ အစိုးရနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်း ရန် လိုအပ်သည်။

“မိမိတို့အစိုးရ၏စီမံခန့်ခွဲမှု၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုအပေါ်တွင် မူတည်၍ လုပ်ငန်းရပ်များဆောင်ရွက်ရသည့် ကာလများ အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း၊ အချိန်ကာလ အားဖြင့် ခေတ္တတာဝန်ယူဆောင်ရွက်သည်ဆိုသော်လည်း ပြည်သူများ စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေး ကိစ္စများအား မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ ထို့အတူ နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုများရှိအောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ရွေးကောက်ပွဲအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း” ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ အစိုးရနှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အထူးလိုအပ်ခြင်းကို ပြဆိုနေခြင်းပင်ဖြစ်သည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် အဖျက်အမှောင့် များကို ဦးစွာရှင်းလင်းဖယ်ရှား ရမည်ဖြစ်သည်။ အကြမ်းဖက် အဖျက်အမှောင့်သမားတို့က မြို့ရွာများမှာ ကပ်ခိုကာ အကြမ်းဖက် အဖျက်လုပ်ရပ်များကို ပြုလုပ်နေကြပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ပြည်သူလူထု ထိတ်လန့်ချောက်ချားအောင် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ အကြမ်းဖက် အဖျက် လုပ်ငန်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်သာ ဖြစ်သည့်အလျောက် ဝိုင်းဝန်းဖယ်ရှား ရှင်းလင်း ပေးခြင်းအားဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့ လျင်လျင်မြန်မြန် တည်ဆောက်နိုင်ပါစေကြောင်း။ ။

No comments:

Post a Comment