ဘားအံ သြဂုတ် ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီခွဲက မြဝတီမြို့သို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ်
ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြဝတီမြို့၊
ရပ်ကွက်(၆/၇)အဖြစ် ရပ်ကွက်သစ်ဖော် ဆောင်နေသည့်နေရာရှိ စီမံကိန်းရှင်းလင်း
ဆောင်သို့ရောက်ရှိရာ စီမံကိန်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်း
အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်း တင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က
ရပ်ကွက်(၆/၇)စီမံကိန်းအတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်းဖောက်လုပ်နေမှု၊
မြေနေရာအကွက်ချထားမှု၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မှုနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများ
ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊
ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထား
ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည်
ရပ်ကွက်(၆)အတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေသည့်
အခြေအနေများ၊ ရပ်ကွက်(၆/၇)စီမံကိန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား
လည်းကောင်း၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား၊ BCF ဇုန်၊ Cargo နေရာသို့
သွားရောက်ပြီး နှစ်နိုင်ငံ ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနေမှု အခြေအနေများနှင့်
သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဌာနဆိုင်ရာ ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက် ပေးနေသည့်
အခြေအနေများအား လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ
လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည်
ရွှေမြဝတီ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် စောင့်ကြည့်ရေး စခန်းသို့ ရောက်ရှိပြီး
လူနာများအား စောင့်ကြပ်ကြည့်ရှု ကုသပေးနေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ လမ်းညွှန်မှာကြားကာ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့
ဆေးရုံကြီးတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေ ကျပ် သုံးသိန်း
နှင့် ကြက်ဥအလုံး ၁၂၀၀ အားလည်းကောင်း၊ သင်္ဃန်းညီနောင် စစ်ဆေးရုံအတွက်ထောက်ပံ့ငွေ
ကျပ်သုံးသိန်းနှင့် ကြက်ဥအလုံး ၁၀၀၀ အားလည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်
စောင့်ကြည့်ရေး စခန်းများ ဖြစ်သည့် ရွှေမြဝတီစခန်းအတွက် ငွေကျပ်
သုံးသိန်းနှင့် ကြက်ဥအလုံး ၁၂၀၀ အား လည်းကောင်း၊ မဲကနယ်စခန်းအတွက်
ထောက်ပံ့ငွေ သုံးသိန်းနှင့် ကြက်ဥ အလုံး ၈၀၀ အား လည်းကောင်း၊ ကျောက်လုံးကြီး
စခန်းအတွက် ထောက်ပံ့ငွေကျပ် သုံးသိန်းနှင့် ကြက်ဥအလုံး ၈၀၀ အား လည်းကောင်း အသီးသီး
ထောက်ပံ့ လှူဒါန်းပေးသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည်
မြဝတီကုန်သွယ်ရေးဇုန်သို့ သွားရောက်ပြီး အောက်ဆီဂျင်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး
လုပ်ငန်းများအတွက် ဆေးနှင့်ပစ္စည်းများ တင်သွင်းခွင့်ပြု ပေးလျက်ရှိသည့်
အခြေအနေများ၊ နှစ်နိုင်ငံ ကုန်ပစ္စည်းများ တင်သွင်း တင်ပို့နေသည့် အခြေအနေများ၊
သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာ ဝန်ထမ်းများက ဆောင်ရွက်ပေးနေသည့်
အခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းအဆင်ပြေ ချောမွေ့စေရေး၊ လွယ်ကူ လျင်မြန်စေရေး
တို့အတွက် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည်
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မြသုခတပ်ဦးကျောင်း ဆရာတော် ဒေါက်တာ အရှင်ပညာနန္ဒ
အား ဝင်ရောက် ဖူးမျှော်ကြည်ညိုပြီး သင်္ဃန်း၊ ဆွမ်းဆန်တော် ၊ ဆီ၊ ကြက်ဥနှင့် န၀ကမ္မ
အလှူငွေများအား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ထိန်လင်းအောင်(ပြန်/ဆက်)

No comments:
Post a Comment