ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်များချောမွေ့စွာ ပုံမှန်ဝင်ရောက်ရေးတို့အတွက် ဆွေးနွေးခြင်းကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အပါအဝင် ညီနောင်အသင်းများနှင့်တွေ့ဆုံ၍ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ပြုလုပ်သည်။
တွေ့ဆုံပွဲသို့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး ၊စားသုံးသူရေးရာဦးစီးဌာန၊
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါက်တာ
ငွေဆန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့်ညီနောင်အသင်းများမှ အသင်းဥက္ကဋ္ဌများ
တက်ရောက်ကြသည်။
ရှေးဦးစွာ
စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး ကဆွေးနွေးမှာကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးသည်
မြန်မာနိုင်ငံကုန်စည်များ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းများ ဆောင်ရွက်နေရသော အဓိကတိုင်းဒေသကြီးဖြစ်ကြောင်း
ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေချိန်တွင် ပြည်သူများ ကျန်းမာရေးကြောင့် အခက်အခဲများ
ဖြစ်ပေါ်နေချိန်တွင် ကုန်စျေးနှုန်းများတည်ငြိမ်ရေး၊ နေ့စဉ် ရန်ကုန်မြို့၏ လိုအပ်ချက်ဖြစ်သည်
စားသုံးကုန်များကို ပြည့်မီအောင်ဝင်ရောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း
ပြည်တွင်း၌ ထုတ်လုပ်သည့်ဆန် ၊ ပဲ ၊ ကြက်ဥ နှင့်ဟင်းသီးဟင်းရွက် ၊ အသားငါးများ ထုတ်လုပ်မှုနှင့်စားသုံးမှု
စျေးနှုန်းများမျှတစွာ ဖြစ်ပေါ်စေရေး၊ ပြည်ပမှတင်သွင်းရသည့်စားသုံးဆီ၊ စက်သုံးဆီ ၊
ဆေးဝါး ၊ ဆေးပစ္စည်း ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ တင်သွင်းရာတွင် နိုင်ငံတော်မှ
ပင်လယ်ရေကြောင်း ၊ လေကြောင်း နယ်စပ်စခန်းအသီးသီးတို့မှ အခက်အခဲမရှိဝင်ရောက်စေနိုင်ရန်အတွက်
သွင်းကုန်လိုင်စင်ကိစ္စ၊ အကောက်ခွန်ကိစ္စများ လွယ်ကူလျှင်မြန်စွာ ဖြစ်စေရန်ဖြေလျော့ထားပါကြောင်း၊
အထက်ပါကဲ့သို့ ဖြေလျော့ ပေးထားရခြင်းမှာ ပြည်သူများအတွက် ဈေးနှုန်းကြီးမြင့်မှု၊ မလိုလားအပ်သော
ဝန်ဆောင်ခများ အပိုကုန်ကျစရိတ်များ ဖြစ်ပေါ်မှုမရှိစေရန် စီမံဆောင်ရွက်ထားပေးကြောင်း၊
ထို့ကြောင့် ပြည်တွင်း၌ လက်ကား၊ လက်လီဈေးများ ပြန်လည်ရောင်းချရာတွင် သင့်တော်သော အမြတ်ရယူပြီး
ရောင်းချ စေလိုကြောင်း၊ ထိုသို့မဟုတ်ဘဲ ဈေးနှုန်းမြင့်တက်ရန် ရည်ရွယ်၍ သိုလှောင်ထားခြင်း၊
ဈေးနှုန်းအဆမတန်ကြီးမြင့်စေရန်ဆောင်ရွက်ခြင်းတို့ကို (လုံးဝ) မပြုလုပ်ကြရန်လိုကြောင်း
စားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးဆေးပစ္စည်း၊ ကျန်းမာရေးသုံး ပစ္စည်းများကို ဈေးနှုန်းမြင့်တင်ခြင်း၊
သိုလှောင်ခြင်း ဝိသမလောဘအဖြစ်ဆောင်ရွက်ပါက အရေးကြီးကုန်စည် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊
ယခုအစည်းအဝေးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှလည်း ဈေးနှုန်းများ အဆမတန်မြင့်တင် ရောင်းချမှုများကို
စောင့်ကြည့်သွားဖို့လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းခွင်များ၊
ကုမ္ပဏီများ၊ ကုန်သည်ပွဲစားများ၏ အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ထို့ကြောင့် ယခုအချိန်မှာ မိမိကိုယ်ကျိုးစီးပွားထက် စားသုံးသူပြည်သူများ၏ အကျိုးကို
ရှေးရှုဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက်မြန်မာနိုင်ငံဆီကုန်သည်နှင့်
ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်၊မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအသင်း
၊ မြန်မာနိုင်ငံဆေးနှင့် ဆေးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)/ ဘုရင့်နောင်
၊ ဘုရင်နောင်ကုန်စည်ဒိုင်များမှတာဝန်ရှိများ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း
ကုန်စျေးနှုန်းတည်ငြိမ်ရေး ကုန်စည်များချောမွေ့စွာပုံမှန်ဝင်ရောက်ရေး ဆွေးနွေးတင်ပြကြသည်။
ယင်းနောက်
တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး
လိုအပ်သည့်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)
No comments:
Post a Comment