နေပြည်တော်၊ ဩဂုတ် ၂၇
၁။ အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အမည်ခံ အဖွဲ့အစည်းများနှင့် ယင်းတို့၏ လက်အောက် ခံဖြစ်သော အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမည်ခံ အဖွဲ့များ သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူ လူထုအား ကြောက်ရွံ့မှုများဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံလာ စေရန် အကြမ်းဖက် တိုက်ခိုက်မှု များကို နေ့စဉ်ကျူးလွန်လျက်ရှိပါသည်။
၂။ အကြမ်းဖက်မှုများသည် ပြည်သူတို့၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိသဖြင့် ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် လိုပါသည်။
၃။ အကြမ်းဖက်မှုဆိုရာတွင် ကိုယ်တိုင်အကြမ်းဖက်တိုက်ခိုက်ခြင်းမပြုသော်လည်း အကြမ်းဖက် အုပ်စု၊ အကြမ်းဖက်သမားများနှင့်စပ်လျဉ်း၍ အောက်ပါပြုလုပ်မှုများ ပြုလုပ်ပါက အကြမ်း ဖက်မှု ကျူးလွန်ရာရောက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခြင်းခံရပါမည်-
(က) အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်တွင် ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ၊
(ခ) အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူနိုင်ခြင်း မပြုနိုင်စေရန်၊ လွတ်မြောက်စေရန် ထိန်ချန်ခြင်း၊ သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်း အောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း၊ ဝှက်ထား ခြင်း၊
(ဂ) အကြမ်းဖက်သမား၊အကြမ်းဖက်အုပ်စုတစ်ခုခု၏အဖွဲ့ဝင်ကို အဆောက်အအုံနှင့် နေရာ တစ်ခုခုကိုအသုံးပြုခွင့်၊စုဝေးခွင့်၊အစည်းအဝေးပြုလုပ်ခွင့်၊အကြမ်းဖက်မှုဆိုင်ရာလေ့ကျင့် သင်တန်းပေးရန်၊ သယ်ယူပို့ဆောင်ရေး စီစဉ် ဆောင်ရွက်ပေးရန်ပြုလုပ်မှုများ၊
(ဃ) အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု တစ်ခုခုအတွက် ငွေကြေး ထောက်ပံ့ခြင်း၊ ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ ယင်းကဲ့သို့ပြုလုပ်ရန် ညွှန်ကြား ခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း။
၄။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရပါက အရေးယူခြင်းခံရသူပိုင် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်သိမ်းဆည်းခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်း ခံရပါမည်။
၅။ အကြမ်းဖက်မှုများကို ဝိုင်းဝန်းတိုက်ဖျက်ရာတွင် သတင်း ရရှိရေးသည် အလွန်အရေး ကြီးသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများနှင့်စပ်လျဉ်း၍ ရရှိသမျှသတင်းကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများ၊ ရဲစခန်းများသို့ သတင်းပေးရန် လိုပါသည်။ ယင်းကဲ့သို့ သတင်းပေးပါက အောက်ပါအတိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်-
(က) သတင်းပေးသူသည် မိမိ၏အမည်၊ နေရပ်တို့ကို ဖော်ပြခြင်းမပြုဘဲ သတင်းပေးနိုင် ပါသည်။
(ခ) သတင်းပေးသူက အမည်၊ နေရပ်ကို ဖော်ပြသတင်းပေးပါကလည်း အထူးလျှို့ဝှက် ထားမည်ဖြစ်ပါသည်၊
(ဂ) ရရှိသည့်သတင်းအရ ဖော်ထုတ်ရရှိမှုအပေါ်မူတည်၍ သတင်းပေးသူနှင့် ဖမ်းဆီး သူတို့ အား ဆုကြေးငွေအနည်းဆုံး ကျပ် ၅ သိန်းမှ အများဆုံးပမာဏကို ကန့်သတ်မထား ဘဲဖြစ်စဉ်အပေါ်မူတည်ပြီး ထိုက်ထိုက်တန်တန် လျှို့ဝှက်၍ ချီးမြှင့်မည်ဖြစ်ပါသည်။
၆။ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လူမှုဘဝလုံခြုံမှုအတွက် မိမိပတ်ဝန်းကျင်၌ အကြမ်းဖက် သမားများ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်များမရှိစေရေး ဝိုင်းဝန်း ဖော်ထုတ်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
No comments:
Post a Comment