Friday, August 13, 2021

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီများနှင့် အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 နေပြည်တော် ဩဂုတ် ၁၃

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီများ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက  ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများမှ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် စက်တင်ဘာလတွင် ကျင်းပမည့် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများအတွက် ကြိုတင်ညှိနှိုင်းခြင်းဖြစ်ကြောင်း၊  အာဆီယံ စီးပွားရေးအသိုက်အဝန်း(အေအီးစီ)- ၂၀၂၅ ပါ လုပ်ငန်းစဉ် များကို အကောင်အထည် ဖော်ဆောင်ရွက်မှုတွင် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မှုများကို သတ်မှတ်ကာလ အတွင်း ပြီးမြောက်အောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အာဆီယံ၏ ပြောင်းလဲလာသည့် လုပ်ငန်းစဉ် များအရ လုပ်ငန်းကော်မတီများကို ကျစ်ကျစ်လစ်လစ် ပြန်လည်ဖွဲ့စည်းပြီး၊ ဌာနအလိုက် လုပ်ငန်း တာဝန်များကို တိတိကျကျ ပြန်သတ်မှတ်ပေးကာ လုပ်ငန်းစီမံချက် ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း။

အေအီးစီ ၂၀၂၅ အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍  အာဆီယံ ဒေသ တစ်ခုလုံးအနေဖြင့် ၂၀၂၁ ခုနှစ် အတွင်း ဆောင်ရွက်ရန် ဦးစားပေးလုပ်ငန်း (၁၄၈) ခုကို ချမှတ်ထားပြီး၊ ဇွန်လကုန်အထိ ၆၇ခု ကို အကောင် အထည်ဖော်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တစ်နိုင်ငံတည်း သီးသန့် ဆောင်ရွက်ရန် လုပ်ငန်းအနည်း ငယ်သာ ကျန်ရှိနေသည်ကို တွေ့ရကြောင်း၊ အဆိုပါလုပ်ငန်းများ သည်လည်း ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်၍ မြန်မာတစ်နိုင်ငံတည်း ကျန်ရှိနေခြင်းမဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။

ထို့ပြင် အာဆီယံက ဆောင်ရွက်ခဲ့သည့် အေအီးစီလမ်းပြမြေပုံ ၂၀၂၅ ၏ ကာလလယ် (Mid Term  Review) ကို အခြေခံ၍ ထိရောက်သည့် အကောင်အထည်ဖော်ဆောင်မှု ဖြစ်စေရန် ကျန်ကာလများတွင် အကောင်အထည် ဖော်ရာ၌ လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ကဏ္ဍအလိုက် အကောင်အထည်ဖော်မှုများကိုလည်း scorecard ဖြင့် တိုင်းတာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

အာဆီယံအနေဖြင့် ယခုနှစ်အတွင်း ချုပ်ဆိုမည့် စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ပြည်တွင်းလုပ်ထုံး လုပ်နည်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လက်မှတ်ရေးထိုးပြီး စာချုပ်များ အသက်ဝင်ရေး အတွက် လိုအပ်သည့် ပြည်တွင်း လုပ်ထုံးလုပ်နည်းများကို ဆောလျင်စွာ ဆောင်ရွက်သွားရန် အရေးကြီး ကြောင်း၊ လုပ်ငန်းအဖွဲ့များ၏ အကောင်အထည်ဖော်မှုများတွင် လိုအပ်သည့် လမ်းညွှန်ချက်များ ရရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် အာဆီယံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည် ထူထောင်ရေးကြိုးပမ်းမှု မူဘောင် ရေးဆွဲထားပါကြောင်း၊ မူဘောင်တွင် အာဆီယံအသိုက်အဝန်း တစ်ခုလုံး နှင့်သက်ဆိုင်သည့် အကောင်အထည် ဖော်ရမည့် လုပ်ငန်းစဉ် စုစုပေါင်း ၁၈၅ ခု ပါဝင်ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း မဏ္ဍိုင်နှင့် ဆက်နွယ်နေသည့် လုပ်ငန်းစဉ် ၆၀ ခု ပါရှိပြီး၊ အာဆီယံဒေသအနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်း အများစုဖြစ်ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအကူအညီ များကိုလည်း ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေး (၃/၅၂) ကြိမ်မြောက် အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းမှုများနှင့် မြန်မာနိုင်ငံအနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လုပ်ငန်းကော်မတီအသီးသီး၏ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာ လုပ်ငန်း ကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment