Tuesday, August 24, 2021

ကျောက်ဖြူမြို့တွင် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ရှောင်တခင်စစ်ဆေး

 


ကျောက်ဖြူ  ဩဂုတ်၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့များမှ ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။



အဆိုပါ မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဆေးဆိုင်များအား  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်ကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းများမရှိ စေရေး၊ ပြည်သူများ မှန်ကန်သောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရေးနှင့် ဆေးဆိုင်များနေ့စဉ်ပုံမှန်ဖွင့် လှစ်ရောင်းချစေရေး စသည်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ယင်းနောက် အဆိုပါအဖွဲ့သည် စာသုံး သူရေးရာဦးစီးဌာနမှထုတ်ဝေသည့် "ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အောင်မြင်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့" လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။

၎င်းအဖွဲ့တွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နု ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပါဝင်သောအဖွဲ့သည် ကျောက်ဖြူမြို့ပေါ်ရပ်ကွက် များရှိ ဆေးဆိုင်များဖြစ်သော စံပြဆေးဆိုင်၊ မြတ်သူဆေးဆိုင်၊ လင်းဆေးဆိုင်နှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း၊ တင်ထွန်းဦး

 

No comments:

Post a Comment