ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ တားဆီးထိန်းချုပ်နိုင်ရေး တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် "အားနွဲ့သူကို ဖေးမကူ" ပရဟိတအဖွဲ့သည် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ ဗန်းမော်တရုတ် စာသင် ကျောင်း၌ အခမဲ့ဆေးပေးခန်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမဲ့ဆေးပေးခန်းဖွင့်လှစ်ရေးအတွက် ဗန်းမော်ခရိုင်
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊
ဗန်းမော်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
လုပ်ငန်းစည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်၍ ဇူလိုင် ၂၄ ရက် နေ့မှစတင်၍
ဆေးခန်းထိုင် ဆရာဝန်(၂)ဦး၊ Online မှ ဆွေးနွေး ကုသပေးသည့် ဆရာဝန်(၅)ဦးနှင့် သူနာပြု(၅)ဦး၊
"အားနွဲ့သူကို ဖေးမကူ" ပရဟိတအဖွဲ့မှ အဖွဲ့ဝင် (၇ဝ)ဦးတို့ဖြင့် ဗန်းမော်မြို့နယ်အတွင်း
ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉
ရောဂါပိုးတွေ့ရှိလူနာများအား Quarantine Centre တွင် အဆင်ပြေစွာ နေထိုင်နိုင်ရေး စီစဉ်ပေးခြင်း၊
သက်ကြီးရွယ်အိုများအား ဆေးခန်းပြရန် အဆင်မပြေသူများအတွက် Online မှတစ်ဆင့် ဆရာဝန်နှင့်ဆွေး နွေးကုသပေးခြင်း၊
ဆေးပေးခန်းသို့ လူကိုယ်တိုင်လာရောက် ဆွေးနွေးကုသပေးခြင်းနှင့် (၁၄)ရက်စာ အခမဲ့ဆေး ပေးဝေခြင်းများ
ဝန်ဆောင်မှုပေးလျက်ရှိရာ ဇူလိုင် ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ Online မှ တစ်ဆင့် ဆရာဝန်နှင့်အခမဲ့ဆွေးနွေးကုသပေးသူ(၂၇၄)ဦး၊
အခမဲ့ဆေးခန်းသို့ လာရောက်ကုသသူ (၂၂၁)ဦးရှိခဲ့ဖြစ်ပြီး အခမဲ့ဆေးပေးခန်းသို့ လာရောက်ရန်
အဆင် မပြေသူများအား လိုအပ်သည့် ဆေးဝါးများကို နေအိမ်အရောက် ဝန်ဆောင်မှုပေးခြင်းများ
ဆောင်ရွက် ပေးလျက်ရှိသည်။
အခမဲ့ဆေးပေးခန်းကို စေတနာရှင် အလှူရှင်များမှ
လှူဒါန်းရရှိငွေဖြင့် လည်းကောင်း၊ လိုအပ် သည့် ဆေးပစ္စည်းများကို အလှူရှင်များမှ လှူဒါန်းမှုဖြင့်
လည်ကောင်း ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၇ဝ)ဦးထားရှိနိုင်ရေးအတွက်
Quarantine Centre ပြင်ဆင်ထားရှိ ကြောင်း သိရသည်။
အဆိုပါ "အားနွဲ့သူကို ဖေးမကူ" ပရဟိတအဖွဲ့သည်
စီမံအုပ်ချုပ်မှု၊ ဘဏ္ဍာငွေရှာဖွေရေး၊ ငွေကြေးနှင့် စာရင်းအင်း၊ ပြန်ကြားရေး၊ ကျန်းမာရေးနှင့်အစားအသောက်၊
သယ်ယူပို့ဆောင်ရေး၊ သန့်ရှင်ရေး၊ ဆေးဝါးဌာန စသည်တို့ဖြင့် ကဏ္ဍအလိုက်ဖွဲ့စည်း၍ အခမဲ့ဆေးပေးခန်းကို
ပြည်သူများ အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ဆေးခန်းပြသလိုသူများအား တစ်ရက်ကြိုတင်စာရင်းပေးသွင်းပြီး
တစ်ရက် လျှင် လူကိုယ်တိုင်လာရောက်ပြ သူ(၄၅)ဦး၊ Online မှတစ်ဆင့် ဆရာဝန်နှင့်ဆွေးနွေးကုသရန်
(၅ဝ) ဦး အထိ လက်ခံ၍ စနစ်တကျ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း "အားနွဲ့သူကို
ဖေးမကူ" ပရဟိတအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးလင်းနောင်စိုးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)



No comments:
Post a Comment