နေပြည်တော် ဧပြီ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက
ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့်
သီလရှင်ကျောင်းများအား ဆွမ်းဆန်တော် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊
မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ ဓမ္မဝိဇိတဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊
ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော်
ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော် မူကြပြီး သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊
အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာ တော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ နေပြည်တော်၊
ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော်
ဘဒ္ဒန္တပဏ္ဍိတဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီး အကဲများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ
ရွတ်ပွားသရဇ္ဈာယ်တော်မူ သည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို
နာယူကြည်ညိုတော် မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက
သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့်
ထေရဝါဒဗုဒ္ဓ သာသနာတော်မြတ်ကြီး အဓွန့် ရှည်ကြာစွာ သန့်ရှင်းတည်တံ့ပြန့်ပွားစေရေးအတွက်
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပရိယတ္တိ၊ ပဋိပတ္တိ၊
ပဋိဝေဓ သာသနာတော် သုံးရပ်ကို ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်တော်မူကြသော ဆရာတော်
သံဃာတော်များနှင့် ပစ္စယာ နုဂ္ဂဟဖြင့် ထောက်ပံ့လှူဒါန်း အားပေးချီးမြှောက်သော ဘုရားတပည့်တော်တို့
ဆရာဒကာ တွဲလက်ညီညာစွာဖြင့် ဆောင်ရွက်မည်ဆိုပါက ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး နှစ်ပေါင်းများစွာ
အဓွန့်ရှည်ကြာတည်တံ့မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေဆဲအချိန်အခါတွင် သာသနာ့ဝန်ဆောင်ဆရာတော်
သံဃာတော်များ အဓိက လိုအပ်ချက်ဖြစ်သည့် ဆွမ်းဆန်တော်များ လှူဒါန်းပေးခြင်းဖြင့် ဆရာတော်
သံဃာတော်များအတွက် ထိုက်သင့်သည့် ဘောဇန သပ္ပါယမျှတ နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း လျှောက်ထားသည်။
ထို့နောက် နေပြည်တော်၊
ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတော ကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အနုမောဒနာတရားနာကြားကြပြီး
လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း လောင်းအမျှ ပေးဝေကြသည်။
ယနေ့ ဆွမ်းဆန်တော်များ
ဆက်ကပ် လှူဒါန်းပွဲ၌ ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၄ ကျောင်း၊ သီလရှင်ကျောင်း
၁ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၆၄၇ ပါး၊ သီလရှင် ၉၇
ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၇၄၄ ပါးတို့အား ဆွမ်းဆန်တော် ၁၃၈ အိတ်တို့ကိုလည်းကောင်း၊
ဇမ္ဗူသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၆ ကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူကြသော
ရဟန်း၊ သာမဏေ ၇၈၄ ပါးတို့အား ဆွမ်းဆန်တော် ၁၀၆ အိတ်တို့ကိုလည်းကောင်း၊ စုစုပေါင်းဆွမ်းဆန်တော်
၂၄၄ အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment