နေပြည်တော် ဧပြီ ၈
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း
ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဟောင်း
ဦးသန်းနိုင်တို့သည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို
လိုက်နာခြင်းမရှိဘဲ ချိုးဖောက်၊ ကျော်လွန်ဆောင်ရွက်ချက်များအား အရေးယူပေးပါရန် တိုင်ကြားစာအရ
အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏
စစ်ဆေးတွေ့ရှိချက်အရ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ်စီမံကိန်း၊
ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်တို့သည် ဘားအံမြို့၊ ကမ်းနားလမ်း
သာယာလှပရေးနှင့် အဆင့်မြှင့်တင် ရေးလုပ်ငန်း စီမံကိန်းနှင့်စပ်လျဉ်း၍ ပုဂ္ဂလိကသို့
ခွင့်ပြုပေးပိုင်ခွင့်မရှိသည့် ကမ်းနားလမ်း မြေဧရိယာ(၄)ဧကကျော်ကို ပုဂ္ဂလိကသို့ မြေငှားဂရန်
ထုတ်ပေးခဲ့သဖြင့် နိုင်ငံပိုင်မြေဆုံးရှုံးပြီး နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း (၅၃၈၀)ကျော်ကို
နစ်နာစေခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် မေ ၁၄ ရက်မှ
၂၀၂၁ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအသီးသီးမှ
ကောက်ခံခဲ့သော ရန်ပုံငွေများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း များဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ်
၅၈/၂၀၁၉ နှင့်အညီ နိုင်ငံတော်ဘဏ္ဍာစာရင်းသို့ ပေးသွင်းရမည်ဖြစ်သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ
ပုဂ္ဂလိကဘဏ်များတွင် သီးခြား ငွေစာရင်းများဖွင့်လှစ်ကာ ငွေကျပ်သန်း (၉၆၉၇) ကျော်ကို
လက်ခံရယူခဲ့ခြင်း၊ နိုင်ငံတော် ဘဏ္ဍာငွေနှင့် သက်ဆိုင်နေသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို
ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများဆိုင်ရာ အမိန့်ကြော်ငြာ စာအမှတ် ၅၈/၂၀၁၉ ၏ စာပိုဒ် ၁၅
ပါ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ စုစုပေါင်း ငွေကျပ်သိန်း (၇၄၂၅)ကို
ပုဂ္ဂိုလ်(၁၉)ဦးသို့ ထုတ်ချေးခဲ့ပြီး ပြန်လည် ပေးဆပ်မှုမရှိသဖြင့် နိုင်ငံ့ဘဏ္ဍာဆုံးရှုံးခြင်း၊
အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းတင်ဒါ အောင်မြင်သည့်
ကုမ္ပဏီထံမှ လုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ စုစုပေါင်းငွေကျပ် သိန်း(၅၀၀၀)ကို
ကြိုတင်လက် ခံရယူခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေစာရင်းသို့ ပေးသွင်းမှု မရှိခြင်းတို့သည် ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်
တည်ဆဲဥပဒေ၊ စည်းမျဉ်းလုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊
ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ခြင်း၊ ကရင်ပြည်နယ်
ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် သည်
၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဘားအံမြို့နှင့် ရန်ကုန်မြို့များ၌ ဆေးကုသမှု ခံယူရာတွင်
နိုင်ငံတော်နှင့်သက်ဆိုင်သော ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းမှ ငွေကျပ်(၁၆ဒသမ၅)
သိန်း ကို ရယူသုံးစွဲခဲ့ခြင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်
စည်ပင်သာ ယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင် သည် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၈ ခုနှစ်၊
မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်၍ ကျောရိုးမကြီးအား ခွဲစိတ်
ကုသမှုခံယူခဲ့ခြင်းနှင့်စပ်လျဉ်၍ လုပ်ငန်းရှင် တစ်ဦးထံမှ အမေရိကန်ဒေါ်လာ(၁၀,၀၀၀)ကို
လက်ခံရယူခဲ့ခြင်း၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ အတွင်း မဲဆွယ်စည်းရုံးရေးကာလတွင် ကျေးရွာများသို့
မဲဆွယ်ရေးခရီးစဉ် သွားရောက်ခြင်း နှင့်စပ်လျဉ်း၍ ကုန်ကျစရိတ် ငွေကျပ် သိန်း(၅၀)ကို
လုပ်ငန်းရှင်တစ်ဦးထံမှ တောင်းခံရယူခဲ့ခြင်းတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က
ရာထူးတာဝန်အရ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို
အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့်
ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ဝန်ကြီးဟောင်း ဦးသန်းနိုင် တို့အပေါ်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကရင်ပြည်နယ်၊ ဘားအံ မြို့မရဲစခန်းတွင်
ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်
လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment