နေပြည်တော် ဖေဖော်ဝါရီ ၂၆
လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ
(၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ
လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
======================================================
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မန်းငြိမ်းမောင်နှင့် Jeng Phang
နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး
စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်နှင့်
ဦးခင်မောင်ရီ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊
ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဒုတိယဗိုလ်ချုပ်ကြီး
သန်းလှိုင်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်၊
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမျိုးအောင်နှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ကော်မတီ ၅ ခု
ဖွဲ့စည်းထားကြောင်း၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးကော်မတီမှာ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရား
ဥပဒေစိုးမိုးရေးအတွက်ဆိုသော်လည်း စီမံခန့်ခွဲမှုအပိုင်းများပိုများသည်ကို
တွေ့ရှိရကြောင်း၊ ဥပဒေများပြဌာန်းရာတွင် ခေတ်ကာလနှင့် လျော်ညီသည့်
အသုံးအနှုန်းများ၊ နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့်အခြေအနေများ၊
နိုင်ငံတကာဆက်ဆံရေးမူဝါဒ အပေါ် ရပ်တည်မူရှိ၊ မရှိသေချာစိစစ်ပြီး
ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေသည် ရှင်းလင်းလွယ်ကူပြီး
ပြည်သူများနားလည်ရန်လိုအပ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေနှင့်
အမိန့်ကြော်ငြာချက်များ ထုတ်ပြန်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန
အချင်းချင်းတိုင်ပင် ဆွေးနွေးပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့
တင်ပြဆွေးနွေးရန်လိုကြောင်း။
မြို့ရွာများ တိုးချဲ့ပြင်ဆင်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ သဘောထား
အမှန်ကို အနီးစပ်ဆုံးသိရှိရန် ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ
ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊
သက်တမ်းတိုးခြင်း၊ ဖျက်သိမ်းခြင်းကိစ္စရပ်များကို ဝန်ကြီးဌာနများအနေဖြင့်
သေချာစိစစ် ဆောင်ရွက်ရန် လိုကြောင်း၊ တရားမဝင်အသင်းအဖွဲ့များလည်း
ရှိနေကြောင်း၊ အသင်းအဖွဲ့များနှင့် စပ်လျဉ်း၍
ဥပဒေနှင့်ညီညွတ်ရန်လိုကြောင်း၊ အသင်းအဖွဲ့တစ်ခု ရပ်တည်ရန်မှာ ရန်ပုံငွေ
လိုအပ်ပြီး ယင်းရန်ပုံငွေမည်သို့ စီးဝင်နေသည်ကို ကြည့်ရမည်ဖြစ်ကြောင်း၊
အဆိုပါ ကိစ္စရပ်ကို ဝန်ကြီးဌာနများက စနစ်တကျ စိစစ်ဆောင်ရွက်ရန်လိုကြောင်း။
သစ်တောကဏ္ဍမှာ ၁၉၉၅ ခုနှစ် သစ်တောမူဝါဒရှိကြောင်း၊ သစ်တောနှင့် ပတ်သက်၍
သက်ဆိုင်ရာဝန်ကြီးဌာနအပြင် တိုင်းဒေသကြီး ပြည်နယ်ကောင်စီများက
သစ်တောမူဝါဒနှင့်အညီ မှန်မှန်ကန်ကန် ထိန်းသိမ်းရန်လိုကြောင်း၊
မိမိတို့နိုင်ငံတွင်လည်း သစ်တောပြုန်းတီးမှုကြောင့်
ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း၊ သစ်တော ပြုန်းတီးမှုအချို့မှာ
စိုက်ပျိုးရေးလုပ်ငန်းများ ရွေ့ပြောင်းလုပ်ကိုင်နိုင်ရန်နေရာအတွက်
ခုတ်ထွင်ခြင်း၊ တောင်ယာစိုက်ပျိုးနိုင်ရန်အတွက် ခုတ်ထွင်ခြင်း၊
ထင်းခုတ်ခြင်းတို့ကြောင့် မီးသွေးဖုတ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊
သို့ဖြစ်၍ နောင်ကာလတွင် ကျေးရွာများ၌ သစ်သုံးစွဲမှု၊ ထင်းသုံးစွဲမှုတို့ကို
တွက်ချက်ပြီး ကျေးရွာပိုင်စိုက်ခင်းများကို မဖြစ်မနေ
စိုက်ပျိုးနိုင်ရန်အတွက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊
သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း နိုင်ငံအတွက် လိုအပ်ချက်ကိုသာ
ထုတ်လုပ်ရမည်ဖြစ်ပြီး တဖက်က လည်း သစ်တောထိန်းသိမ်းရေး မူဝါဒချမှတ်ပြီး
ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တော ထိန်းသိမ်းမှုနှင့်ပတ်သက်ပြီး
မိမိတို့စနစ်တကျ ထိန်းသိမ်းနိုင်မှသာလျှင် ကောင်းမွန်သည့် အကျိုးဆက်ကို
နောင်မျိုးဆက်များ ခံစားရမည်ဖြစ်သည့်အတွက် သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
လက်ရှိကာလတွင်လည်း သစ်တောကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်ကျူးကျော်မှု
များကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းများနှင့်
ပတ်သက်၍ စိုက်ပျိုးရန်ခွင့်ပြုချက်ရယူထားသူများသည် အမှန်တကယ် စိုက်ပျိုးရန်
လိုအပ်ကြောင်း၊ တချို့မှာ စိုက်ပျိုးရန်ခွင့်ပြုချက်ရယူထားသော်လည်း
အမှန်တကယ် စိုက်ပျိုးခြင်း မရှိကြောင်း၊ သစ်တောစိုက်ပျိုးရန်
မြေပြုပြင်ခြင်း ဆောင်ရွက်သည်ဟု အကြောင်း ပြချက်ဖြင့်
မူရင်းနေရာတွင်ရှိနေသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း ထုတ်ယူပြီး
ထပ်မံစိုက်ပျိုးမှု မရှိသည်ကို သိရကြောင်း၊ ထို့ကြောင့် မြေယာပြဿနာများ
ဖြစ်လာ ကြောင်း၊ နိုင်ငံပိုင်သစ်တောစိုက်ခင်း၊ စုပေါင်းသစ်တောစိုက်ခင်း၊
ပုဂ္ဂလိကသစ်တော စိုက်ခင်းများကို စနစ်တကျ ထိန်းသိမ်းရန်လိုကြောင်း။
မြေယာကိစ္စပြဿနာအချို့မှာ တစ်ချိန်က ရှင်းလင်းဆောင်ရွက်ပြီးသော်လည်း
ခေတ်ကာလမြေတန်ဖိုးပြောင်းလဲလာမှုကြောင့် ဖြစ်ပါကြောင်း၊
မြေယာလျော်ကြေးငွေမှာ ငွေကျပ်ဘီလီယံချီရှိကြောင်း၊ သို့ဖြစ်၍ မြေယာကိစ္စကို
မူဝါဒနှင့်အညီ စနစ်တကျဆောင် ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း
မူဝါဒ ၄ ရပ်နှင့်အညီ ဧကတစ်သိန်း ကျော် စွန့်လွှတ်ပြီးဖြစ်ကြောင်း၊
ဝန်ကြီးဌာနများအနေဖြင့်လည်း အသုံးမပြုသည့် မြေယာများကို စနစ်တကျပြန်လည်
စွန့်လွှတ်၍ နိုင်ငံတော်ကို အပ်နှံရမည်ဖြစ်ကြောင်း၊ ယခုကော်မတီအနေဖြင့်
ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အချက်အလက်ခိုင်ခိုင်မာမာ တင်ပြပြီး
လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဝိုင်းဝန်း
ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ကော်မတီဖွဲ့စည်းမှု နှင့်
လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်း ဒေသကြီး စီမံ
အုပ်ချုပ်ရေးကောင်စီဝင် ဦးမျိုးအောင်တို့က လုံခြုံရေး၊ မှုခင်းဆိုင်ရာ၊
ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒနှင့် အမိန့်ကြော်ငြာစာကိစ္စရပ်များ၊
သစ်တောမြေပယ်ဖျက်ခြင်းဆိုင်ရာ ကိစ္စရပ် များနှင့် လုံခြုံရေး၊
တည်းငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စ ရပ်များ၊
ဥပဒေရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်
မန်းငြိမ်းမောင် နှင့် Jeng Phang နော်တောင်၊
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီနှင့် ဒုတိယဗိုလ်ချုပ်ကြီး
ထွန်းထွန်းနောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး တို့က
ရပ်ကွက်၊ ကျေးရွာစီမံခန့်ခွဲရေးကောင်စီများတွင်
ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာ
ဝန်ထမ်းများပါ ထည့်သွင်းဖွဲ့စည်းရေး၊ ခရိုင်၊ မြို့နယ် ရပ်ကွက် ကျေးရွာ
အုပ်ချုပ်ရေးကောင်စီများ အဖွဲ့ဝင်များနှင့် ရပ်ကျေးဥက္ကဋ္ဌများ
တာဝန်ပေးအပ်ရာတွင် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နိုင်သူများကို
ရွေးချယ်ခန့်အပ်ရေး၊ သက်ဆိုင်ရာကောင်စီအဆင့်ဆင့် အထောက်အကူပြုရေးအဖွဲ့များ
ဖွဲ့စည်းပေးရေး၊ CDM ဆောင်ရွက်မှုတွင် မပါဝင်သူများအား အကာအကွယ်ပေးရေး၊
ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကြိုးဝိုင်း၊ ကြိုးပြင် သဘာဝဘေးမဲ့တောများ
တည်ထောင်ရေး၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပုဂ္ဂလိက သစ်တော
စိုက်ခင်းများ စိုက်ပျိုးခြင်းမရှိပါက ပြန်လည်သိမ်းဆည်းသွားရေး၊
သစ်တောကျူးများ စာရင်းကောက်ယူပြီး သစ်တောကြိုးဝိုင်းအတွင်းမှ
ပယ်ဖျက်သွားရေး၊ သီးနှံသစ်တော ရောနှောစိုက်ခင်း တည်ထောင်ရေး၊
ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက်
အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်များကို
ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဝန်ကြီးဌာနများမှ
ဥပဒေရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်နိုင်ရန်အတွက်
ကြိုတင်ပြင်ဆင်နိုင်ရန် ဥပဒေအကြံပေးများ ထားရှိရန်လိုကြောင်း၊ ယာဉ်စည်းကမ်း
ဖောက်ဖျက်မှုများနှင့် လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှုများအား ထိရောက်စွာ
အရေးယူ နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်သွားရန်နှင့်
သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပညာပေးလုပ်ငန်းများအား ဝိုင်းဝန်းကူညီ
ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့အနေဖြင့် ယခုကာလသည် ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဝင်ရောက် ထိန်းသိမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံခန့် ခွဲမှုများနှင့်ပတ်သက်၍
စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရပ်ကွက်၊
ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်ထားခြင်းနှင့်ပတ်သက်၍ ကျေးရွာ၊ ရပ်ကွက်
များမှ သမာဓိရှိသည့် ရပ်မိ၊ ရပ်ဖများ ကျေးရွာအကျိုးအတွက် အမှန်တကယ်
ဆောင်ရွက် နိုင်သူများကိုသာ ရွေးချယ်ခန့်ထားစေလိုကြောင်း။
CDM ဆောင်ရွက်မှုနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ သည်းခံဆောင်ရွက်
ပေးခဲ့ပြီး ယခုအခါဆက်လက်၍ စည်းကမ်းဖောက်ဖျက်သည့် နိုင်ငံ့ဝန်ထမ်းများအား
ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်း များအနေဖြင့် နိုင်ငံတော်အပေါ်
သစ္စာစောင့်သိမှုရှိရန်နှင့် တာဝန်ထမ်းဆောင်လိုစိတ်ရှိပြီး ယုံကြည်ချက်
ခံယူချက်များကောင်းမွန်ရန်လိုကြောင်း၊ သစ်တောများပြန်လည်
စိုက်ပျိုးရန်ကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး
ဆောင်ရွက်သွားကြရန် လိုကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာတွင်
တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရန်အတွက် သတ်မှတ်ထားသည့် ပျိုးပင်၏ သက်တမ်းနှင့်
အရွယ်အစားအား ရွေးချယ်စိုက်ပျိုးရန် လိုကြောင်း၊ ခွင့်ပြုထားသည့် ပုဂ္ဂလိက
သစ်တောစိုက်ခင်းများကိုလည်း စည်းကမ်းများ နှင့်အညီ စိုက်ပျိုးထားမှု
ရှိ၊မရှိ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထင်းသုံးစွဲမှုများနှင့်
သစ်ထုတ်လုပ်မှုများကို တတ်နိုင်သမျှ လျော့ချဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ကျေးလက် ဒေသများတွင် ထင်းသုံးစွဲမှု လျော့ချနိုင်ရန်အတွက် လိုအပ်သည့်
လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး
လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်
ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကော်မတီ၏ တာဝန်နှင့် လုပ်ငန်းများမှာ
ကျယ်ပြန့်ပါကြောင်း၊ သို့ဖြစ်၍ ကော်မတီဝင်များအနေဖြင့်
ဘက်ပေါင်းစုံရှုမြင်ပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မတီနှင့်
သက်ဆိုင်သည့် ကိစ္စရပ်များကို လတ်တလောဖြစ်ပေါ်လာပါက ကော်မတီဝင်အချင်းချင်း
တိုင်ပင်ဆွေးနွေး ကြရန်လိုကြောင်း၊ အကြောင်းအရာ တစ်ခုချင်းစီအား
လေးလေးနက်နက်ဖြင့် အမှား အယွင်းမရှိအောင်
ဂရုစိုက်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် အဆင့်ဆင့်တင်ပြ၍
ဆုံးဖြတ်ချက်ရယူသွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။







No comments:
Post a Comment